တရုတ်သွင်းကုန်အချို့အပေါ် စည်းကြပ်ခွန် တိုးမြှင့်မှု စတင်ပြီဟု ထရမ့် ပြော

ဓာတ်ပုံ - Reuters
2.9K
တရုတ်နိုင်ငံကနေ တင်သွင်းတဲ့ ကုန်စည်တချို့အပေါ် စည်းကြပ်ခွန်တိုးမြှင့်မှု သောကြာနေ့မှာ စလိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၅ ရက်မှာ ပြောလိုက်ပါတယ်။
ကာလကြာရှည် ကြိုးစားနေတဲ့ ကုန်သွယ်ရေး သဘောတူညီချက် ရဖို့ တရုတ်အပေါ် ဖိအားတိုးခဲ့တယ်လို့လည်း သူက ကြေညာပါတယ်။
ထရမ့်ဟာ တရုတ်နဲ့ ဆွေးနွေးပွဲတွေကို ကိုးကားပြီး ဒီနှစ်အစောပိုင်းက တရုတ်အပေါ် စည်းကြပ်ခွန်တိုးမယ့်အရေးကို နှောင့်နှေးထားခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး နှေးကွေးစေပြီး ဈေးကွက်တွေကို နှောင့်ယှက်နေတဲ့ ကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်နဲ့ အမေရိကန်တို့ သဘောတူညီချက် ရခါနီးပြီဆိုတဲ့ မျှော်လင့်ချက်တွေအပေါ် တနင်္ဂနွေနေ့ ကြေညာချက်ကြောင့် သံသယဖြစ်ခဲ့ကြပါတယ်။
သောကြာနေ့က စပြီး ထပ်ဆောင်းခွန်ကို ၂၅ ရာခိုင်နှုန်း တိုးမြှင့်မယ်၊ နောက်ထပ် တရုတ်ကုန်စည်တွေလည်း ထပ်ဆောင်းခွန် ထပ်ကောက်တာ ခံရမယ်လို့ ထရမ့်က တွစ်တာ လူမှုကွန်ရက်ပေါ်ကနေ ပြောပါတယ်။
အမေရိကန်နဲ့ တရုတ် ကုန်သွယ်ရေးဆွေးနွေးပွဲတွေ ဒီသီတင်းပတ်ထဲမှာ ပြန်စဖို့ရှိပါတယ်။
တရုတ် ဒုဝန်ကြီးချုပ် လျိုဟော့ဟာ အမေရိကန်မြို့တော် ဝါရှင်တန်ကို ခရီးထွက်ဖို့ ပြင်ဆင်နေပါတယ်။
ဧပြီလက တရုတ်မြို့တော် ဘေကျင်းက ဆွေးနွေးပွဲအပြီးမှာ အမေရိကန် စီးပွားရေးဝန်ကြီး စတီဗင် မနူချင်က ဆွေးနွေးပွဲတွေ အရာရောက်တယ်လို့ ပြောခဲ့ပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီချက်က သိပ်နှေးလွန်းနေပေမယ့် ဆက်ပြီး ညှိနေတယ်၊ ပြန်ပြီး ညှိနှိုင်းဖို့ ကြိုးစားနေတယ်လို့ ထရမ့်က တွစ်တာမှာ ရေးသားပါတယ်။
အမေရိကန် ညှိနှိုင်းရေးအဖွဲ့ဟာ သဘောတူညီချက် ရနိုင်မလား၊ မရနိုင်ဘူးလားဆိုတာ မကြာခင် ထရမ့်ကို ထောက်ခံချက် ပေးနိုင်တော့မယ်လို့ မျှော်လင့်ကြောင်း မနူချင်က ပြောခဲ့ပြီးပါပြီ။
ဆွေးနွေးပွဲတွေ ပြီးတော့မယ်လို့ ယုံကြောင်း လုပ်ငန်းရှင်တွေဘက်က သတင်းရင်းမြစ်ကလည်း အရင်အပတ်က ပြောခဲ့ပါတယ်။