A d v e r t i s e m e n t With Us

တော်ဝင်သစ်အချောထည် အလုပ်သမားများ အစာငတ်ခံ ဆန္ဒပြ

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာ ၀ါးတရာစက်မှုဇုန်အနီး တော်ဝင်သစ်အချောထည် စက်ရုံရှေ့မှာ အလုပ်သမားအခွင့်အရေးအတွက် အလုပ်သမားအချို့ ဒီနေ့ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ ဆန္ဒပြနေတာနဲ့ ပတ်သက်ပြီး အလုပ်သမားရေးဆောင်ရွက်ပေးနေတဲ့ ကိုကျော်ကျော်က “အဓိကတောင်းဆိုချက်ကတော့ ဒီကအလုပ်သမားတွေကို အပြင်ဆိုဒ်ပို့တဲ့အတွက် အပြင်ဆိုဒ်မပို့ဖို့ တောင်းဆိုတာပါ။ အပြင်ဆိုဒ်မှာ မဆိုင်တာတွေခိုင်းလို့ လုပ်ငန်းခွင်ပြန်ဝင်လာရင် ၀င်ခွင့်မပေးဘူး။ ဒါကြောင့် တံခါးဝမှာပိတ်ဆို့ပြီး အခုလို ဆန္ဒပြနေတာပါ” လို့ ပြောပါတယ်။ အလုပ်သမား ၂၀၀ ကျော် နေ့ရော ညပါ ဆန္ဒပြနေတာဟာ ဒီနေ့ဆိုရင် ၈ ရက်ပြည့်သွားပြီဖြစ်ပါတယ်။ အခုလို ဆန္ဒပြတာကို အလုပ်ရှင်ဘက်က ညှိနှိုင်းမှု မလုပ်ဘူးဆိုပြီး အကြောင်းပြန်ခဲ့တဲ့အတွက် ဆန္ဒပြ အလုပ်သမား ၂၀၀ ကျော်ထဲကနေ အလုပ်သမား ၁၀ ဦးဟာ ဒီနေ့ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။ အစာငတ်ခံ ဆန္ဒပြ အလုပ်သမား ကိုဇင်မင်းထွန်းက “ဆန္ဒပြခဲ့တာ ၅ ကြိမ်ရှိပါပြီ။ နှုတ်ကတိနဲ့ပဲ အကြိမ်ကြိမ်ကတိပေးပါတယ်။ ပြီးရင် သူပဲချိုးဖောက်ခဲ့တယ်။ အခု မိန်းကလေးတွေရော၊ ယောက်ျားလေးတွေရော အစာငတ်ခံ ဆန္ဒပြရတာကတော့ ၀န်ထမ်းတွေအားလုံး အရမ်းဒုက္ခရောက်နေကြတယ်။ ဒါကြောင့် ကျနော်တို့တွေ အသက်ခန္ဓာကိုလှူဒါန်းပြီးတော့ သေတမ်းစာရေးပြီး နောင်လာမယ့် လုပ်သားတွေ သူဌေးတွေရဲ့ ဖိနှိပ်ချုပ်ချယ်မှုမခံရအောင် ဆုံးဖြတ်လုပ်ခဲ့တာပါ။” အစာငတ်ခံဆန္ဒပြမှုကို အချိန်ကန့်သတ်မှုမရှိဘဲ ဆန္ဒပြသွားမယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အစိုးရ အလုပ်သမားညှိနှိုင်းရေးအဖွဲ့တွေကတော့ အခုချိန်ထိ လာရောက်ဖြေရှင်းပေးတာ မရှိသေးဘဲ ဒေသအာဏာပိုင်တွေ ဆန္ဒပြနေရာကို သတင်းလာယူတာတော့ ရှိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up