ဆိုင်ကလုန်းမုန်တိုင်းကြောင့် အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တွင် လူ ၃၄ ဦးထက်မနည်း သေဆုံး

ဓာတ်ပုံ - PTI
အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီကြောင့် လူ ၃၄ ယောက်ထက်မနည်း သေဆုံးတယ်လို့ အေပီနဲ့ အယ်လ်ဂျာဇီးယား သတင်းဌာနတွေက မေလ ၅ ရက်မှာ ဖော်ပြပါတယ်။ လေတိုက်နှုန်း တနာရီ ၁၂၄ မိုင်ထိ တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းအန္တရာယ်ကနေ အချိန် ၂၄ နာရီအတွင်း လူ ၁၂ သိန်းကို ဘေးကင်းရာ ရွှေ့ပြောင်းနိုင်ခဲ့လို့ သမိုင်းမှာ အကြီးဆုံး ဘေးကင်းကင်းရွှေ့ပြောင်းနိုင်မှု ဖြစ်ခဲ့တယ်လို့ အိန္ဒိယနိုင်ငံ သြရိဿပြည်နယ် ပူနီခရိုင် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ အခုလို ရွှေ့ပြောင်းနိုင်ခဲ့တဲ့အတွက်လည်း လူအသေအပျောက် လျော့နည်းခဲ့လို့ အိန္ဒိယအစိုးရကို ကုလသမဂ္ဂက ချီးကျူးခဲ့ပါတယ်။ မုန်တိုင်းဟာ မေလ ၃ ရက်မှာ အိန္ဒိယနိုင်ငံ ကုန်းတွင်းကို ဝင်ရောက်အပြီး အားလျော့ခဲ့တာပါ။ အဲဒီနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဆက်ပြီး တိုက်ခတ်ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်က ဒီပြည်နယ်ကို အလားတူ မုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့လို့ လူအယောက် တသောင်းကျော် သေဆုံးခဲ့တာပါ။ ဒီတကြိမ်မှာတော့ မိုးလေဝသ ဟောကိန်းတွေ၊ ပြည်သူတွေ မုန်တိုင်းအန္တရာယ် အသိသတိရှိရေး လှုံ့ဆော် ပညာပေးမှုတွေနဲ့ ကောင်းကောင်းလေ့ကျင့်ထားတဲ့ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး စီမံကိန်းတွေအပြင် စစ်တပ်နဲ့ ပြည်သူတွေရဲ့ လုပ်အားပေး တုံ့ပြန်မှုတွေကြောင့် အဆိုးဆုံး အခြေအနေက လွန်မြောက်ခဲ့တယ်လို့ သုံးသပ်ထားကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up