DVB Logo
Home
မြန်မာသတင်း
ရခိုင်ပဋိပက္ခ ကြိုးကိုင်သူများကို အရေးယူမည်ဟု အစိုးရသတိပေး
DVB
·
November 1, 2012
ရခိုင်ပဋိပက္ခ ကြိုးကိုင်သူများကို အရေးယူမည်ဟု အစိုးရသတိပေး
Donate to DVB

ရခိုင်ပြည်နယ် ပဋိပက္ခဖြစ်စဉ်တွေမှာ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး ရယူထားတဲ့ အဖွဲ့တွေပါ ပါဝင်ပတ်သက်နေတယ်လို့ အစိုးရက ထုတ်ပြန်လိုက်ပြီး နောက်ကွယ်က ကြိုးကိုင်သူ၊ အဖွဲ့အစည်းတွေကို ဖော်ထုတ်အရေးယူမယ်လို့ အစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ အောက်တိုဘာ ၃၁ ရက်နေ့ ထုတ်ပြန်ချက်မှာ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ လူအဖွဲ့အစည်းနှစ်ခုအကြားက ပဋိပက္ခတွေဟာ သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်တွေကနေ လက်နက်ကိုင်အကြမ်းဖက်မှုအခြေအနေဆီကို ကူးပြောင်းတော့မယ့် လက္ခဏာ အသွင်ဆောင်လာသလို လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုပါ လက်နက်နဲ့ ခြိမ်းခြောက်ရန်မူလာနေပြီလို့ ရှင်းလင်းထားပြီး အစိုးရက ရက်ပိုင်းအတွင်း ဒုတိယအကြိမ် သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။

အကြမ်းဖက်ပဋိပက္ခဖြစ်စဉ်အတွင်း ဒေသန္တရလုပ်လက်နက်ငယ် ၁၈၀ သိမ်းဆည်းရမိပြီး လက်နက်ပြုလုပ်သူတချို့နဲ့ ပြုလုပ်ရာမှာ သုံးတဲ့ သက်သေခံပစ္စည်း အထောက်အထားတွေကိုလည်း ဖမ်းဆီးရမိထားတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ လူစုလူဝေးနဲ့ ခြိမ်းခြောက်တာ၊ အကြမ်းဖက်တာ၊ တိုက်ခိုက်တာ၊ မီးရှို့ဖျက်ဆီးတဲ့ကိစ္စတွေမှာ တဖက်အဖွဲ့အစည်းက ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ်လက်နက်တွေနဲ့ အချိန်ကိုက်ပူးပေါင်းလှုပ်ရှားတာတွေ တွေ့ရသလို နိုင်ငံရေးအဖွဲ့အစည်းနဲ့ ငြိမ်းချမ်းရေးအယူထားတဲ့ အဖွဲ့ အစည်းတွေပါ ပါဝင်ပတ်သက်နေတယ်လို့ ဆိုပါတယ်။

အခြားတဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ ပါဝင်ပတ်သက်နေတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်ဖြစ်ပွားလာတဲ့ ပဋိပက္ခဟာ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၁ ရက်ကနေ အောက်တိုဘာ ၃၀ ရက်အထိ သေဆုံးသူ ၈၉ ဦး၊ ဒဏ်ရာရသူ ၁၃၆ ဦး၊ မီးလောင်ပျက်စီးတဲ့ လူနေအိမ် ၅၃၅၁ နဲ့ လူဦးရေ ၃၂၂၃၁ ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့တယ်လို့ နိုင်ငံတော်သမ္မတရုံး ထုတ်ပြန်ချက်က ဆိုပါတယ်။

မကြာသေးခင်ရက်ပိုင်းကလည်း နိုင်ငံတော်သမ္မတရုံးက ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနဲ့ စပ်လျဉ်းပြီး သတင်းထုတ်ပြန်ရာမှာ နောက်ကွယ်က ကြိုးကိုင်နေ တဲ့ လူပုဂ္ဂိုလ်တွေကို ဖော်ထုတ်ပြီး ဥပဒေနဲ့အညီ ထိထိရောက်ရောက် အရေးယူမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတိပေးချက်နဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကို ဆက်သွယ်မေးမြန်းထားပါတယ်။

ရခိုင်ဖြစ်စဉ်မှာ ငြိမ်းချမ်းရေးယူထားတဲ့အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေပါ ပါဝင်ပတ်သက်နေတယ်လို့ ထုတ်ပြန်ထားတယ်ဆိုတော့ အချက်အလက်တွေနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းလဲဆိုတာ ပြောနိုင်ပါသလား။ ခိုင်ခိုင်မာမာ သိရပါပြီလား။

“အထောက်အထားတွေကတော့ ပြည်ထဲရေးဝန်ကြီးဌာနမှာရှိတယ်။ လောလောဆယ်တော့ အပြည့်အစုံထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိပါဘူး။ ထုတ်ဖော်ပြောကြားနိုင်မယ့် အချိန်ကျရင် ပြောကြားပါမယ်။”

နောက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေလည်း နောက်ကွယ်က ပါဝင်ပတ်သက်နေတယ် ဆိုတာကရော။

“စုံစမ်းစစ်ဆေးနေတဲ့ အတောအတွင်းဖြစ်တဲ့အတွက် ထုတ်ဖော်ပြောကြားလို့မရသေးပါဘူး။”

အရင်ကလည်း ရခိုင်ပြဿနာနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်တွေ ရှိခဲ့တယ်။ မနေ့ကထုတ်ပြန်ကြေညာချက်မှာတော့ လူ့အဖွဲ့အစည်း ၂ ခုကြားက ပဋိပက္ခဟာ သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်ကနေ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေကူးပြောင်းတော့မယ့် လက္ခဏာဆောင်တယ် ဆိုတော့ သတိကြီးကြီးထားရမယ့် ပုံစံဖြစ်နေပါတယ်။ ဘာကိုအစိုးရအနေနဲ့ ရည်ညွှန်းပြောချင်တာပါလဲ။

“လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပါဘူး။ ကြေညာချက်မှာလည်းပါတယ်။ လက်နက်ငယ်တွေ ၁၈၀ ဖမ်းဆီးရမိတယ်။ လက်နယ်ငယ်တွေလုပ်တဲ့ အထောက်အထားတွေလည်း သိမ်းဆည်းရမိတယ်လို့ ဖော်ပြထားတာပါ။ ဆိုလိုတာက မတည့်အတူနေ လူ့အဖွဲ့အစည်း ၂ ခု ပဋိပက္ခဖြစ်တဲ့အခါမှာ အရင် ပထမ ဇွန်လကဖြစ်တုန်းက အချင်းချင်းကြိုတင်ကြံစည်ပြီး ဖြစ်တာ မဟုတ်ဘဲ ဒေါသအလျောက် ဟိုဘက်ဒီဘက် လုပ်ကြတာမျိုး ပဋိပက္ခကြီးလာတာမျိုးပေါ့။ အခုတခေါက်က လက်နက်ငယ်တွေလုပ်လာတယ်ဆိုတော့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ရည်ရွယ်လာတဲ့သဘော၊ ဒါကြောင့် လက်နက်ကိုင်ဆိုတဲ့ စာသားထည့်ထားတာပါ။ ဟိုလို တော်လှန်ရေးလိုမဟုတ်ပါဘူး။”

လက်နက်ငယ်ဆိုတာ အိမ်လုပ်သေနတ်မျိုးလား။

“ဟုတ်တယ်။”

အရေးယူမယ်ဆိုတော့ ဘယ်တော့လောက်စမှာလဲ၊ ဘယ်လိုလုပ်မှာလဲ ပြောလို့ရ သလောက် ပြောပြပေးပါ။

“အမြန်ဆုံးလုပ်နေပြီ၊ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်နိုင်မယ့် အခြေအနေလောက်ထိပေါ့ လုပ်နေပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013