Home
မြန်မာသတင်း
ငပလီကမ်းခြေ ကျူးကျော် ဟိုတယ်များ အရေးယူပေးရေးအဆို အတည်ပြု
DVB
·
May 4, 2019
ရခိုင်ပြည်နယ် ငပလီမြို့ ပင်လယ်ကမ်းခြေက သဲသောင်ပြင်တွေကို ကျူးကျော်တည်ဆောက်ထားတဲ့ ဟိုတယ်တွေကို အရေးယူပေးဖို့ ပြည်နယ်အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အဆိုကို မနေ့က ကျင်းပတဲ့ ရခိုင်ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။ ငပလီကမ်းခြေက ပြည်သူပိုင် သဲသောင်ပြင်တွေကို ကျူးကျော်ဆောက်လုပ်ထားတဲ့ ဟိုတယ် ၉ လုံးထဲက Aureum Palace ဟိုတယ် တခုတည်းကိုသာ တရားစွဲဆိုခဲ့တာကြောင့် ကျန်ရှိနေတဲ့ ဟိုတယ် ၈ လုံးကိုပါ ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ပေးဖို့ ပြည် နယ်အစိုးရကို တိုက်တွန်းကြောင်း သဲတွဲမဲဆန္ဒနယ် အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက တင်သွင်းထားတာဖြစ်ပါတယ်။ ဦးနိုင်ကြွေအေးက “Aureum Palace ဟိုတယ်ကို ကျနော်တို့ တိုက်တွန်းခဲ့တာ မဟုတ်ပါဘူး။ အစိုးရက တကယ်လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီအပေါ်မှာ ကျနော့်အနေနဲ့ ဒီဟိုတယ်တခုတည်းကို စွဲခိုင်းပြီး ကျန်တဲ့ ဟိုတယ်တွေကို ဥပဒေအရ ပတ်ဝန်းကျင်မှာလည်း ဒီဟိုတယ်ကိုကျစွဲတယ်။ ကျန်တဲ့ ဟိုတယ်တွေကျဘာလို့ မစွဲတာလဲ။ ဥပဒေက ဒီလိုလား။ ဒီအစိုးရက ကျောသား၊ ရင်သားခွဲခြား နေလား။ ဘယ်လိုကြောင့် ဒါတွေကို မစွဲတာလဲဆိုတဲ့ ထိုးနှက်ချက်က ကျနော်တို့အပေါ်ကို နေ့စဉ်နဲ့အမျှ ကျရောက်နေပါတယ်။ ဒါကြောင့်မို့ ကျနော်အနေနဲ့ လိုက်လျောညီတဲ့ တရားစွဲဆိုမှုအကြောင်း သိရှိဖို့ တင်ပြရခြင်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။ ငပလီကမ်းခြေမှာရှိတဲ့ သောင်ပြင်တွေမှာ ဟိုတယ်တချို့က သူတို့ပိုင်ဆိုင်သလိုမျိုး ရေကူးကန်တွေ၊ စားသောက်ဆိုင်တွေ၊ လှိုင်းကာတွေ စသဖြင့် ကျူးကျော်ဆောက်လုပ်နေတာဟာ သောင်ပြင်တွေ ပျက်စီးစေတာကြောင့် ကမ္ဘာ့လှည့်ခရီးသွားတွေရဲ့ စိတ်ဝင်စားမှုလျော့ကျ လာနိုင်ပြီး ကမ်းခြေဟာလည်း တိမ်ကောပျောက်ကွယ်သွားနိုင်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အဆိုကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄ ဦးက ထောက်ခဲ့ပြီး ထောက်ခံဆွေးနွေးခဲ့တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း အခုလို ပြောပါတယ်။ “၉ လုံးစလုံး ကျူးကျော်ထားရင် ၉ လုံးစလုံးကို ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူပေးဖို့ တိုက်တွန်းထားတာဖြစ်ပါတယ်။ ကျနော်ကတော့ ငပလီဟာ မြန်မာနိုင်ငံရဲ့ အသည်းနှလုံး ဖြစ်တဲ့အတွက်ကြောင့် ငပလီကမ်းခြေသာယာလှပရေးကို ဦးစားပေးပြီးတော့ ပြည်သူတွေရဲ့ Public ဧရိယာကို ပြည်သူတွေရဲ့ကိုယ်စား အစိုးရအနေနဲ့ ဥပဒေနဲ့အညီ အလျှင်အမြန် ဆောင်ရွက်ပေးဖို့ လေးလေးနက်နက်နဲ့ ထောက်ခံကြေညာအပ်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၄၇ ဦးအနက် ၄၀ ဦးတက်ရောက်လာရာ အဲဒီအဆိုကို ၄ ဦးက ထောက်ခံဆွေးနွေးခဲ့ကာ သံတွဲမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ကန့်ကွက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုကန့်ကွက်မှုရှိတာကြောင့် လွှတ်တော်ရဲ့ ဆန္ဒကိုရယူရာ ထောက်ခံမဲ ၃၅ မဲ၊ ကြားနေမဲ ၃ နဲ့ ကန့်ကွက် မဲ ၁ မဲ ရှိခဲ့ရာ ထောက်ခံမှုက ပိုများနေတာကြောင့် အတည်ပြုဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ကျူးကျော်ဆောာက်လုပ်ထားတဲ့ဟိုတယ်တွေထဲမှာ Aureum Palace ဟိုတယ်အပါအဝင် Jasmine Hotel ၊ Amazing Hotel ၊ Ngapali Paradise Hotel ၊ Hilton Hotel ၊ PVI Hotel ၊ BT Bay Hotel ၊ Memento Hotel ၊ Jate Marina Hotel တို့ဖြစ်လို့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက တင်ပြခဲ့ပါတယ်။ သတင်း-ဝဏ္ဏခွာညို-ဓာတ်ပုံ နိုင်ကြွေအေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024