Home
မေးမြန်းခန်း
ကုန္အမွတ္တံဆိပ္မူပိုင္ခြင့္ဥပေဒဆိုင္ရာ
DVB
·
May 4, 2019
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် ဥပဒေဆိုင်ရာနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းလာတာတွေကို ဦးသန်းအောင် (စစ်တွေ) နဲ့ ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။ မေး- ကျနော်က စီးပွားရေးလုပ်ငန်းတစ်ခုစတင်ဖို့ ကြိုးပမ်းနေသူတယောက်ပါ။ ကျေနာ့်လုပ်ငန်းအတွက် ကုန်အမှတ်တံဆိပ်တခု စဉ်းစားနေတာကြာပါပြီ။ သူများမှတ်ပုံတင်ပြီး သားတွေနဲ့ တူမှာကိုလည်း စိုးရမ်ပါတယ်။ ဒါကြောင့် ကုန်အမှတ်တံဆိပ်အသစ်တခု စတင်ဖန်တီးတဲ့အခါ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့လိုသလဲဆိုတာ သိလိုပါတယ်။ ဖြေ - မသုံးရဘူးလို့ ဥပဒေက တားထားတာ ရှိတယ်။ နောက်တခုက ကိုယ်က မသုံးသင့်ဘူးလို့ ကိုယ့်ဟာကိုယ် စဉ်းစားရမှာ ရှိတယ်။ နောက်တော့ ဘာကိုဘယ်လိုသုံးသင့်သလဲ ဆိုတာ သုံးမျိုးပေါ့နော်။ အခု ဒီမေးခွန်းရဲ့ ပိုင်ရှင်က သူ့ရဲ့လုပ်ငန်းလို့ ပြောထားလို့ ဒါသည် ဝန်ဆောင်မှုလုပ်ငန်းလည်း ဖြစ်နိုင်တယ်။ ကုန်ပစ္စည်း ထုတ် လုပ်တဲ့လုပ်ငန်းလည်း ဖြစ်နိုင်တယ်။ အဲဒီမှာ ကျနော် ပြောချင်တာကတော့ ကိုယ့်ကုန်အမှတ်တံဆိပ်တခုကို စပြီးတော့ ဖန်တီးတော့မယ်လို့ သူပြောတယ်ပေါ့နော်။ ဖန်တီးတော့မယ်ဆိုရင် တချို့က ဘာလုပ်ကြသလဲဆိုရင် စာအုပ်စာတမ်းတွေ ရှာတယ်။ သူများ ဆိုင်းဘုတ် တွေကြည့်တယ်။နာမည်ကြီးတာတွေ ကြည့်တယ်။ ဝက်ဆိုဒ်တွေမှာ ကြည့်တယ်။ ကြည့်ပါ ၊ကြည့်ပြီးရင် အဲဒါနဲ့ မတူအောင်လုပ်ပါ။ သူတပါးဟာနဲ့ တူခြင်းအားဖြင့်ကိုယ့်ရဲ့ပစ္စည်း ကိုယ့်ရဲ့ဟာသည် ကိုယ်ပိုင်အစစ် မဟုတ်တော့ဘူး။ သူတစ်ပါးက အနည်းဆုံး တခြမ်းတဝက်ပိုင်တဲ့ပစ္စည်း ဖြစ်သွားပြီး ကိုယ်ထုတ်လုပ်မဲ့ပစ္စည်း ၊ ကိုယ်ဝန်ဆောင်မဲ့ပစ္စည်းက ကိုယ့်တယောက်ထဲနဲ့သာ ဆိုင်တဲ့ နာမည်သီးသန့်တော့ ဖြစ်စေချင်တယ်။  သဘောက ဦးချိန်တီမိသားစုက ထုတ်တဲ့ ချောင်းဆိုးပျောက်ဆေးက ဦးချိန်တီ။ ဦးချိန်တီမဟုတ်ဘဲနဲ့ ဦးဝင်းဦးတို့၊ ဦးကျော်ဟိန်းတို့ သွားသုံးလိုက်ရင် သူ့ပစ္စည်းဖြစ်မယ်။ အဲသလိုပေါ့နော်။ ကိုယ့်ရဲ့ကိုယ်ပိုင်ပစ္စည်း နာမည်ကို သုံးစေချင်တယ်။ နောက်တခုက ဘာလဲဆိုရင် လုပ်ငန်းမတူဘူး။ နာမည်တူနေတယ်ဆိုရင် ဒီဇိုင်းတို့၊ ဖောင့်တို့၊ အသွင် အပြင်တို့ မတူအောင်သုံးပါ။ ဥပမာတခုပြောမယ်ဆိုရင် ယုဇနလက်ဖက်နဲ့ ယုဇနဆောက်လုပ်ရေးနဲ့ ယုဇန ချင်းတော့တူတယ်။ ဒီယုဇနဆိုတဲ့နာမည်ကို ငါပဲပိုင်တယ်၊ သူပဲပိုင်တယ် ငြင်းနေမဲ့အစား ဘယ်လိုမှ မှားစရာ မရှိတဲ့ဟာကို မတူအောင်လုပ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် ကိုယ်နဲ့လုပ်ငန်းတူတဲ့ပစ္စည်းတွေ၊ ထုတ်လုပ်နေတဲ့ ဝန်ဆောင်နေတဲ့ လူတွေရဲ့ နာမည်နဲ့သော်လည်းကောင်း၊ နာမည်ရဲ့ ဖောင့်တွေနဲ့ လုံးဝမတူတာတွေ သုံးပါ။ အဓိကက ဘာလဲဆိုတော့ ပန်းချီဆရာတွေ၊ ဒီဇိုင်းဆရာတွေကလည်း နည်းနည်းပါးနပ်ဖို့လိုတယ်။ သူများ နာမည်ကြီးပြီးသား တံဆိပ်တွေကို ဒီအတိုင်းထည့်ပြီးတော့  ဗမာနာမည်လေး တပ်လိုက်တာမျိုးတွေ မဖြစ်စေချင်ဘူး။ တစ်ခါတည်း ကုန်အမှတ်တံဆိပ်က သူ့ရဲ့နာမည်တင်မကဘူး။ သူ့ရဲ့ Feature ကော ၊ Logo တို့ ၊ Device တို့နဲ့ပါ တူရင်လည်း တရားစွဲခံရတာတွေရှိတယ်။ အဓိကတော့ ဘာကို သုံးရမလဲဆိုရင် ဘယ်သူ့ဟာနဲ့မှ မတူတဲ့ နာမည်လည်း ဖြစ်ချင်ဖြစ်မယ်။ အရုပ်၊ အရောင်၊တံဆိပ်လည်း ဖြစ်ချင်ဖြစ်မယ်။ အဲဒီလို တီထွင်တာက ကိုယ့်အတွက် ရေရှည်ခံတဲ့ အမှတ်တံဆိပ် ဖြစ်လာမယ်လို့ ဖြေချင်ပါတယ်။ မေး - ဒီနှစ်ပိုင်းအတွင်ထုတ်ဝေတဲ့ နိုင်ငံပိုင် သတင်းစာတွေမှာ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပြီးဖြစ်ကြောင်း အသိ ပေးကြေညာချက်တွေ မကြာခဏ တွေ့နေရပါတယ်။ လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ကုန်အမှတ်တံဆိပ်ဥပဒေ  ကြမ်းအတည်ဖြစ်လာရင် ဥပဒေသစ်အရ မှတ်ပုံတင်ရဦးမှာလား၊ အသစ်မှတ်ပုံတင်ရမယ်ဆိုရင် နာမည်တူ အမှတ်တံဆိပ်၊ ဆင်တူရိုးမှား အမှတ်တံဆိပ်တွေ အချင်းချင်း အငြင်းပွားမှုကို ဘယ်မှာဖြေရှင်းရမလဲဆိုတာ ဥပဒေဗဟုသုတ အနေနဲ့ သိလိုပါတယ်။ ဖြေ - အခုလောလောဆယ်မှာ ကျနော်တို့က ကုန်အမှတ်တံဆိပ်ဥပဒေဆိုပြီး မရှိတဲ့ အနေအထားကနေ မှတ်ပုံတင် နေရတာပေါ့နော်။ အဲဒါကတော့ စာချုပ်စာတမ်း မှတ်ပုံတင် ။ အဲဒီမှာ ကျတော့ ကိုယ်မှတ်ပုံတင် ထားပါတယ်ဆိုတာ သတင်းစာထဲမှာ ထည့်ထည့်ပြီး ကြေညာပေးရတယ်။ ဒါမှ လူတွေသိမယ်။ တချို့ဆိုလို့ရှိရင် မှတ်ပုံမတင်ခင်ကတည်းကတောင် ဒါကိုသုံးမယ်။ ကန့်ကွက်မယ့်သူရှိလား၊ ဘာညာပေါ့။ အခုလွှတ်တော်မှာ တင်ထားတဲ့ ဥပဒေတွေ ပေါ်လာလို့ရှိရင်တော့ ကုန်အမှတ်တံဆိပ်ရုံးဆိုပြီးတော့ သီးသန့်ပေါ်လာလိမ့်မယ်။ အဲဒီမှာ ကျနော်တို့က တင်လိုက်တာနဲ့ ပထမဆုံး သူက အရင်စစ်မယ်။ ကုန်အမှတ်တံဆိပ်ရုံးက အရာရှိက အရင်စစ်မယ်။ ခင်ဗျာဟာကြီးက ဘယ်သူက တင်ထားပြီးပြီး။ မှတ်ပုံတင်ထားပြီးပြီး နိုင်ငံတကာမှာ ဒါကြီးက ရှိထားပြီးပြီးဆိုပြီးတော့ သူက အဲဒီမှာ ကတည်းက ပယ်လိုက်မယ်။ အဲဒီကနေ ပယ်လိုက်ပြီးတော့မှ လွတ်သွားတယ်။ မပယ်ဘူး၊ လွှတ်သွားတယ်ဆိုဦးတော့ သူကဘာလုပ်မလဲ။ ကျနော်တို့ သတင်းစာထဲမှာ ထည့်သလို သူက သူတို့ရုံးက ထုတ်မယ့်ပြန်တမ်းမှာ ထည့်မယ်။ ဘယ်သူကဖြင့် ဘယ်အမှတ်တံဆိပ်ကို လာပြီး မှတ်ပုံတင်ဖို့ လုပ်ထားပါတယ်။ ကန့်ကွက်မယ့်သူ တလအတွင်း၊ သုံးလအတွင်းတို့ ဘာတို့ ကြေညာမှာပေါ့။ အဲဒီမှာ ကိုယ့်က ကြည့်ရမယ်။ အဲဒီမှာလည်း ကန့်ကွက်တဲ့လူ ရှိလို့ရှိရင် ကိုယ်က သူနဲ့ပြန်ပြီးတော့ အပြန်အလှန် ချေပရတယ်။ အဲဒီကနေ လွတ်သွားတယ်ဆိုဦးတော့ ကိုယ်က မကျေနပ်သေးဘူးဆိုရင် ကိုယ်မကျေနပ်တဲ့သူက ကိုယ်နဲ့ ကုန်အမှတ် တံဆိပ်တူတယ်လို့ သူကယူဆတယ်၊ ရုံးကမတူဘူးလို့ယူဆလို့ ကိုယ့်ကိုခွင့်ပြုလိုက်တယ်ဆိုရင် သူက တရားရုံးတွေသွားပြီးတော့ ကိုယ့်ကို တရားတဘောင်စွဲတယ်။ အဲဒါကိုလည်း ရင်ဆိုင်ရမယ်။ အဲဒီတော့ ကျနော်ပြောချင်တာက ဥပဒေတခုစပြီး အာဏာတည်လိုက်တာနဲ့ ကိုယ့်ရဲ့ကုန်အမှတ်တံဆိပ် တွေကို မှတ်ပုံတင်ဖို့လည်း ကြိုးစားပါ။ နောက်တစ်ခုက သူများတွေက ကိုယ့်ရဲ့အမှတ်တံဆိပ်နဲ့ တူမယ့်ဟာတွေကို မှတ်ပုံတင်ဖို့ကြိုးစားနေသလား။ မှတ်ပုံတင်ပြီး သွားသေးလားဆိုတာ ကိုယ်က အတော်ကို သတိဝီရိယနဲ့ထားပြီးတော့ စုံစမ်းရမယ်။ သူတို့ မှတ်ပုံတင်ရုံးကလဲ အခုဥပဒေအသစ်အရ အွန်လိုင်းတွေ ဘာတွေနဲ့လည်း တင်မယ်။ ကိုယ့်နဲ့တူတဲ့ဟာတွေ တောင် ဖြစ်ကောင်းဖြစ်မယ်။ အဲဒီမှာ ကိုယ်က ကိုယ့်ကုန်အမှတ်တံဆိပ်က တကယ်လည်း ကိုယ်သုံးထားတယ်၊ နှစ်ရှည်လများလည်း သုံးထားတယ်၊ အမှန်အကန်လည်း ကုန်ပစ္စည်း ထုတ်လုပ်တယ်၊ ဝန်ဆောင်မှုပေးတယ် ဆိုရင်တော့ ကိုယ်က သူများတွေ မှတ်ပုံတင်လည်း ကိုယ်ကကန့်ကွက်နိုင်တယ်။ တားဆီးနိုင်တယ်ပေါ့။ အဲဒီလိုပဲ ကျနော်ပြောရပါမယ်။ (စာကြွင်း- ယခုမေးခွန်းနှင့်အဖြေများမှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အတည်မဖြစ်ခင်က မေးမြန်းထား ခြင်းဖြစ်ပါသည်။ လက်ရှိတွင် ယင်းဥပဒေအား ပြည်ထောင်စုလွှတ်တော်မှ ၃၀-၁-၁၉ ရက်နေ့တွင် တည်ပြု ပြဋ္ဌာန်းပြီးဖြစ်ပါသည် ။) မေး - ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ပြီးဖြစ်ကြောင်း ကြေညာချက်တွေမှာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ တုပပြီး ဆင်တူရိုးမှား ပြုလုပ်ရင် ဥပဒေအရအရေးယူမယ်လို့ ဖော်ပြထားတာ တွေ့ရပါတယ်။ ဒါပေမယ့် တခါတလေမှာ သူတို့ရဲ့ ကုန်အမှတ်တံဆိပ်က နိုင်ငံခြားမှာ နာမည်ရပြီး  သားအမှတ်တံဆိပ်ကို စကားပေါင်းမတူ၊ အသံထွက်တူအောင် လုပ်ထားတဲ့ အမှတ်တံဆိပ်ဖြစ်ပါတယ်။ တယောက်ယောက်က သူ့လိုဘဲ စာလုံးပေါင်းမတူ၊ အသံထွက်တူအောင် ဖန်တီးပြီး မှတ်ပုံတင်မယ်ဆိုရင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေနဲ့ ငြိစွန်းပါသလား။ ဖြေ - ငြိစွန်းပါတယ်။ ပြည်တွင်း၊ပြည်ပက နာမည်ကြီးတဲ့ ကုန်အမှတ်တံဆိပ်ကိုတော့ ကိုယ့်ဟာလိုတော့ လုံးဝမသုံးမိပါစေနဲ့ ။ တကယ်လို့ ကိုယ့်ဘက်က ရှုံးရင် လျော်ရမဲ့ ငွေကြေးက နည်းမှာ မဟုတ်ဘူး။ နာမည်ကြီးရင်ကြီးတဲ့ ကုန်အမှတ်တံဆိပ်က တန်ဖိုးကလဲ ကြီးလိမ့်မယ်။ လျော်ကြေးတန်ဖိုးကလဲ ကြီးလိမ့်မယ်။ နောက်တစ်ခုက ဒါငွေရေးကြေးရေးတင် မကပါဘူး။ ကိုယ့်ရဲ့ဂုဏ်သိက္ခာကိုလည်း ထိခိုက်ပါတယ်။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို လည်း ထိခိုက်ပါတယ်။ အဲဒါကိုတော့ ရှောင်စေချင်ပါတယ်။ မေး - ကျမတို့နိုင်ငံမှာ တရားမ၀င်လမ်းကြောင်းက၀င်ရောက်လာတဲ့ ကုန်ပစ္စည်းတွေ အများကြီးရှိနေပါတယ်။   နိုင်ငံတကာသိ ကုန်အမှတ်တံဆိပ်တစ်ခုကို မြန်မာနိုင်ငံမှာ တရားဝင်မှတ်ပုံတင်တင်ပြီး လုပ်နေပေမယ့် မှောင်ခိုလမ်းကြောင်းက အဲဒီတံဆိပ်နဲ့ အလုံးအရင်း ၀င်လာနေတဲ့အတွက် ပြည်တွင်းမှာ တရားဝင်လုပ်ကိုင်နေသူ တွေအတွက် နစ်နာမှုတွေ အများကြီးရှိနေပါတယ် ။ ဥပဒေကြာင်းအရ ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာသိလို ပါတယ်။ ဒီကိစ္စက နှစ်မျိုးရှိပါတယ်။ တရားဝင်မှတ်ပုံတင်ပြီးတော့ အခွန်အခတွေပေးပြီးတော့ ရောင်းနေတဲ့လူတွေက အများအားဖြင့်  မူရင်းထုတ်လုပ်တဲ့သူတွေနဲ့ distributorship agreement တို့ ၊ agent agreement တို့ အဲဒီလိုစာချုပ်တွေ ရှိတတ်တယ်။ အဲဒီစာချုပ်တွေမှာလည်း အတိအကျ အချက်အလက်တွေ ပါတတ်တယ်။ တုပပြီး မသွင်းရဘူးလို့၊ အပြိုင်မသွင်းရဘူးလို့။ သူက အပြိုင်သွင်းတာပေါ့ ။ အပြိုင်သွင်းတာမှာ နှစ်မျိုးရှိပြန် တယ်။ အစစ်ကိုပဲ အပြိုင်သွင်းတာ ရှိတယ်။ အတုကိုပဲ အပြိုင်သွင်းတာ ရှိတယ်။ အတုကို အပြိုင်သွင်းရင်တော့ ရာဇဝတ်ကြောင်းအရ တရားစွဲလို့ရတယ်။ မူပိုင်ခွင့်ဥပဒေနဲ့လည်း စွဲလို့ရတယ်။ ဒါပေမယ့် အစစ်ကိုပဲ တရားမဝင် နည်းလမ်းနဲ့ သွင်းတယ်ဆိုရင် ကျနော်ရဲ့အမြင်ကတော့ မူပိုင်ခွင့်ဥပဒေထက် စာချုပ်စာတမ်းဥပဒေတို့၊ export - import ဥပဒေတို့ ၊ နောက်တစ်ခုက competition law ယှဉ်ပြိုင်ခွင့်ဥပဒေတို့၊ နောက်ပြီး consumer protection law စာသုံးသူကာကွယ်ရေးဥပဒေတို့နဲ့လည်း စွဲလို့ရတယ်။ နောက်ပြီးတော့ တရားဝင်တင်သွင်းလာတဲ့ သူတွေမှာ ဒီပစ္စည်းရဲ့ အညွန်းတွေကအစ  FDA က သတ်မှတ်ထားတဲ့၊ စီပွား ကူး သန်းဝန်ကြီးဌာနတို့၊ ကျန်းမာရေးဝန်ကြီးဌာနတို့က သတ်မှတ်ထားတဲ့ အချက်အလက်တွေ အပြည်အစုံ ပါရတယ်။ ဥပမာဆိုပါစို့.. တရုတ်ကနေ တင်သွင်းလာတယ်၊ တရုတ်စာနဲ့ ဖြစ်ချင်ဖြစ်မယ်။စင်ကာပူက တင်သွင်းရင် အင်္ဂလိပ်စာနဲ့ဖြစ်မယ်။ ယိုးဒယားဆိုရင် ယိုးဒယားစာနဲ့ ဖြစ်မယ်။ အဲဒီတော့ စားသုံးသူတွေမှာ ထိခိုက်တယ်။ မသိနိုင်ဘူး။ အမှားအယွင်းတွေဖြစ်နိုင်တယ်။ အထူးသဖြင့် ဆေးဝါးတို့၊ အလှကုန်တို့ဆိုရင် သိပ်အန္တရယ်ရှိတယ်။  တရားဝင်တင်သွင်းတဲ့ လူတွေဆီကသာ ၀ယ်သုံးတယ် ၊ဖြန့်ဖြုးတယ်ဆိုတဲ့ အမူအကျင့်ကိုလည်း ကျနော်တို့ ဦးစားပေးရမယ်။ အဲဒါတွေကို ဘယ်ကနေ ပိတ်နိုင်လဲဆိုရင် Custom က ပိတ်လို့ရပါ တယ်။ တစ်နိုင်တစ်ပိုင်ပဲ ခွင့်ပြုတဲ့ဟာတွေကို စီပွားဖြစ် သွင်းလာလို့ရှိရင် အရေးယူလို့ရတယ်။ အဲဒါ export – import law နဲ့အရေးယူလို့ရ တယ်။ custom နဲ့လည်း အရေးယူလို့ရတယ်။ နောက်တခုက ပြောချင်တာက ဒီတရားဝင်မှတ်ပုံတင် ပြီးလုပ်တဲ့ လူတွေက တာဝန်ယူမှု၊ တာဝန်ခံမှု ရှိတယ်။ တရားမဝင်တဲ့ လမ်းကြောင်းတို့၊ တနိုင်တပိုင်ကနေ စီးပွားဖြစ် လုပ်နေတာက တာဝန်ယူမှု၊ တာဝန်ရှိမှု လုံးဝ မရှိဘူး။ အဲဒီတော့ တကယ်နစ်နာတာက  သုံးစွဲသူ၊ စားသုံးသူ။ အခြေခံပြောရမယ်ဆိုရင် မူပိုင်ခွင့် ပြဿနာထက် ကုန်သွယ်မှုပြဿနာလို့ ယူဆတယ်။ တစ်ဖက်ကလဲ competition law သဘောအရ တရားဝင်တင် သွင်းတဲ့သူကလည်း ပစ္စည်းမှန်၊ဈေးမှန် တာဝန်ခံမှုနဲ့ ရောင်းချသင့်တယ် ။ မေး - နိုင်ငံတကာမှာ လူသိများပြီးဖြစ်တဲ့ အမှတ်တံဆိပ်တစ်ခုခုကို ဆင်တူရိုးမှားလုပ်ပြီး မှတ်ပုံတင်မယ်ဆိုရင် ပယ်ချခံရနိုင်ပါသလား။ မှတ်ပုံတင်ရုံးက ကုန်အမှတ်တံဆိပ်တခုမှာ မှတ်ပုံတင်လာတာကို  နိုင်ငံတကာမှာ ထင်ရှားတဲ့တံဆိပ်ဟုတ်မဟုတ် စစ်ဆေးတဲ့ နည်းလမ်းတွေရှိပါသလား။ အတည်ပြုခံရပြီး တံဆိပ်ကသက်တမ်း ဘယ်လောက်အထိ တရားဝင်ပါသလဲ ။ ဖြေ - လူသိများတဲ့ ကုန်အမှတ်တံဆိပ်ဆိုတာ well known mark လို့ခေါ်ပါတယ်။ well known mark ဆိုတဲ့ သဘောတရားက ဘယ်လိုလဲဆိုရင် ကုန်ပစ္စည်းတူဖို့ မလိုဘူး။ မှတ်ပုံတင်ဖို့တောင် မလိုဘူး။ သဘောက .. ဥပမာ မာစီးဒီကားက တအားနာမည်ကြီးတယ်။ တစ်ကမ္ဘာလုံးမှာလည်း လူသိများတယ်။ အဲဒီတော့ မာစီးဒီးဆိုပြီး မြန်မာပြည်မှာ လက်ဖက်ရည်ဆိုင်ဖွင့်တယ်။ မရဘူး။ well known mark  ဆိုတဲ့ criteria သတ်မှတ် ချက်ကိုဝင်တယ်။ အခုကျနော်တို့ရဲ့အသစ် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်မှာ အဲဒါတွေ သွားတွေ့တယ်။ ကျော် ကြားသော အမှတ်တံဆိပ်များ ဆိုတာတွေ။ အဲဒါကို အထူးကာကွယ်ပေးတယ်။ သာမန် ကုန်အမှတ်တံဆိပ် တွေထက် ဒါတွေကို စစ်ဆေးတဲ့နည်းလမ်းရှိသလား ဆိုရင်တော့ ကျနော်တို့ ဥပဒေက အခုမှ အစပြုပြီးတော့ တည်ရသေးတယ်ဆိုတော့ မူရင်းဥပဒေတစ်ခုတည်းနဲ့တော့ ပြည့်စုံချင်မှ ပြည်စုံ မယ်။ နောက်တခုက ကျနော်တို့ရဲ့ဥပဒေရဲ့ နောက်မှာ ပေါ်လာမယ့် နည်းဥပဒေတို့၊ အမိန့်ညွှန်ကြားချက်တို့မှာ အသေးစိတ်ပါလာမယ်။ အခုချိန်မှာ ပြောရင်တော့ ဘယ်လိုနည်းလမ်းနဲ့ စစ်မလဲဆိုတော့ နည်းနည်းစော သေးတယ်။ ကုန်အမှတ်တံဆိပ်တစ်ခုရဲ့သက်တမ်းက တစ်ခါ မှတ်ပုံတင် ၁၀ နှစ်။ ၁၀ နှစ်ကနေ  ကိုယ့်သုံးနေသ၍ ၁၀ နှစ် တခါ၊ ၁၀ နှစ် တခါ၊ အကန့်အသတ်မရှိ မှတ်ပုံတင်သွားလို့ရတယ်။ သုံးနေသ၍ပေါ့နော်။ အဲဒါသည် တခြားအမျိုးအစားတွေနဲ့ ကွာခြားတယ်။ ဥပမာ industrial design လို့ခေါ်တဲ့ စက်မှုဒီဇိုင်းတို့ ၊ နောက်တစ်ခုက တီထွင်မှုတို့က သူ့ရဲ့သက်တမ်းကုန်ရင် public domain ဆိုတဲ့ ဘယ်သူမဆို ယူသုံးလို့ရတဲ့အထဲကို ရောက် တယ်။ ကုန်အမှတ်တံဆိပ်က လုံးဝမရဘူး။ well known mark လို့ အဲ့ဒီနိုင်ငံရဲ့ဥပဒေက.. ဒါမှမဟုတ် အမိန့်ကြော်ငြာစာ၊ နည်းဥပဒေအရ သတ်မှတ်ထားလို့ရှိရင် ဆင်တူရိုးမှား ကုန်ပစ္စည်းမတူဘူး ဆိုရင်လည်း မရဘူး။ သုံးကိုသုံးခွင့်မရှိဘူး။ လျော်ကြေးပေးရမယ် ဆိုရင်လည်း နစ်နေအောင် ပေးရလိမ့်မယ်။ ဒါကြောင့် အဲဒါတွေကိုတော့ ရှောင်ရှားသင့်ပါတယ်လို့ ပြောချင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024