ဒသမမြောက်ထိုင်းဘုရင် တရားဝင်နန်းတက်ပွဲ တိုက်ရိုက်ထုတ်လွှင့်ချက် (ရုပ်သံ)

ဒသမမြောက်ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းရဲ့ တရားဝင် နန်းတက်မင်္ဂလာ အခမ်း အနားကို မေလ ၄ ရက်ကနေ ၆ ရက်နေ့ထိ ဘန်ကောက် နန်းတော်နဲ့ ဧရိယာ အနီးတဝိုက်မှာ ဆင်ယင် ကျင်းပနေပါတယ်။ ဘုရင်ဘိသက်ခံပွဲနဲ့ နန်းတက်ပွဲကျင်းပရေး ကော်မတီရဲ့ ထုတ်ပြန်ချက်အရ မေ ၄ ရက် မနက် ၁၀ နာရီမှာ ထိုင်းတနိုင်ငံလုံးရှိ ရေထွက်ဦးအသီးသီးမှ ခပ်ယူပြီး ပေးပို့လာသော စုစည်းရေစင်တွေနဲ့ ဘိသက်ခံဘုရင်အား သွန်းလောင်းပေးတာ (ရေချိုးခြင်း)၊ သံဃာတော်တွေက ရွတ်ဖတ်သရဇ္ဈာယ်ထားတဲ့ ပရိတ်ရေတွေ ပက်ဖျန်းတာ၊ အဲဒီနောက် မကိုဋ်၊ ဓားသန်လျက်၊ သားမီးယပ်၊ ထီးဖြူ၊ ခြေနင်း အစရှိတဲ့ မင်းမြှောက်တန်ဆာတွေ ဆက်ကပ်ဆင်မြန်းတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ နေ့လယ် ၂ နာရီမှာတော့ နန်းတွင်း အမရင်ထနဝိနိချိုင်လို့ခေါ်တဲ့ အဆောင်တော်ကို ကြွ ချီလာပြီး ဆွေတော်မျိုးတော်နဲ့ မင်းမှုထမ်းတွေရဲ့ ဖူးမြော်ခစားတာကို ခံယူမှာဖြစ်ပါတယ်။ ညနေ ၄ နာရီမှာ ဘန်ကောက် မြဘုရားသို့ ကြွချီပြီး တိုင်းခန်းလှည့်လည်မှာ ဖြစ်ပါတယ်။ ညနေ ၆ နာရီမှာတော့ ဘုရင်ကြီးနန်းတက်ပွဲ အထိမ်းအမှတ် နန်းတော်တခုလုံး ဆီမီးတိုင် ထွန်းညှိထားမှာဖြစ်ပါတယ်။ မေ ၅ ရက်နေ့ မနက်ပိုင်းမှာတော့ ဘုရင့်အမည်နဲ့ ရာထူးကဗျည်းတင် ဂုဏ်ပြုပွဲ အခမ်း အနားကျင်းပပြီး ဆွေတော်မျိုးတော်တွေအား ဘွဲ့ထူးဂုဏ်ထူး ချီးမြှင့်တာ၊ နယ်စား ပယ်စားနေရာခန့်ထားတဲ့ အခမ်းအနား ကျင်းပဖို့ရှိပါတယ်။ မေ ၅ ရက်ညနေပိုင်းမှာ အတီးအမှုတ်တွေနဲ့အတူ နန်းတွင်းဗိုလ်ပါခြံရံကာ နန်းတော်ကနေ  ဗောဓိကျောင်းတိုက်ထိ တိုင်းခန်းလှည့်လည်မှာ ဖြစ်ပါတယ်။ မေလ ၆ ရက် ညနေ ၄ နာရီခွဲအချိန်မှာတော့ လေသာဆောင်ပြူတင်းဝကနေ တိုင်း သူပြည်သားတွေကို နှုတ်ဆက်ပြီး အခစားခံမှာ ဖြစ်ပါတယ်။ ညနေ ၅ နာရီခွဲအချိန် ကျက္ကရီး မဟာပြဿာဒ်ဆောင်မှာ စံမြန်းပြီး နိုင်ငံခြားသံတမန်တွေ၊ စစ်သံမှူး၊ ကောင်စစ်ဝန်တွေကို လက်ခံတွေ့ဆုံပြီး ဂါရ၀ပြုမှု ခံယူသွားမယ်လို့ ဆိုပါတယ်။ ဘုရင်နန်းတက်ပွဲ နဲ့ တိုင်းခန်းလှည့်လည်ပွဲကို ထိုင်းနိုင်ငံ အားကစားနဲ့ ရေဒီယိုအဝေး ထိန်းဦးစီးဌာနမှ ဒရုန်းပေါင်း အလုံး ၃၀၀ လွှင့်တင်ရိုက်ကူးပေးမယ်လို့ မဒီချွန်းသတင်းမှာ ဖော်ပြ ပါတယ်။ တချိန်တည်းမှာ ထိုင်းနိုင်ငံတ၀န်းလုံးရှိ ခရိုင်အသီးသီးမှာလည်း ဒဿမမြောက်ဘု ရင်ဘိ သက်ခံနန်းတက်ခြင်း  ကြိုဆိုဂုဏ်ပြုခြင်းအခမ်းအနားကို ကျင်းပသွားမှာဖြစ်ပါတယ်။ ဘုရင်ကြီးနန်းတက်ပွဲကာလမှာ ပြည်သူတွေအနေနဲ့ အ၀ါရောင်အင်္ကျီတွေဝတ်ဆင်ဖို့ အစိုးရက နှိုးဆော်တိုက်တွန်းထားပြီး အသုဘအခမ်းအနား၊ အနက်ရောင်ဝတ်ဆင်ခြင်း စတဲ့ အ-မင်္ဂလာကိစ္စတွေ ဆိုင်းငံ့ထားပါတယ်။ ဘုရင်နန်းတက်ခြင်း အထိမ်းအမှတ်အနေနဲ့  ထောင်ထဲက အကျဉ်းသားတချို့ကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးလိုက်ကြောင်း ထိုင်းအစိုးရက မနေ့က ကြေညာပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်ရှိ အကျဉ်းသားတွေမှာ လွတ်မြောက်ဖို့ တနှစ်သာကျန်ရှိတဲ့ သူတွေ၊ မျက်စိနှစ်ဖက်လုံးကွယ်နေသူ၊ လက် ဒါမှမဟုတ် ခြေအစုံပြတ်နေသူ၊ ကင်ဆာရောဂါ၊ အေ့စ်ရောဂါ၊ ကျောက်ကပ်ရောဂါရှိပြီး အကျဉ်းေ ထာင်တွင်း ဆက်လက်ကုသဖို့ ခက်ခဲတဲ့ ကျန်း မာရေးပြဿနာရှိသူ၊  အသက် ၆၀ ကျော်ပြီး လွတ်ရက် ၃ နှစ်ကျန်ရှိသူ၊ အသက် ၇၀ ကျော်သူ၊ ပထမဆုံးအကြိမ် ထောင်ကျသော အသက် ၂၀ အောက်ရှိပြီး ထောင်ဒဏ်သက်တမ်း တ၀က်ကျခံပြီးသူ၊ အယူခံဝင်ခွင့်မရှိတော့ဘဲ ထောင်ထဲမှာ စံပြအနေနဲ့ ကာင်းစွာနေထိုင်ပြီး လွတ်မြောက်ဖို့ ၂ နှစ်သာကျန်ရှိသူတွေ ပါဝင်တယ်လို့ ဘီဘီစီထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up