ဆိုင်ကလုန်းမုန်တိုင်း ဖန်နီ သြရိဿကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေ

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ အိန္ဒိယနိုင်ငံ သြရိဿ ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်နေပြီလို့ မိုးဇလက သတင်းထုတ်ပြန်ပါတယ်။ ဒီမနက် ၁၁နာရီခွဲအချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အနောက် မြောက်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းတို့မှာ ဖြစ်ပေါ်နေတဲ့ အလွန့်အလွန် အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီဟာ အိန္ဒိယနိုင်ငံ၊ ဩရိဿကမ်းခြေကို ပူရီမြို့ (Puri) အနီးကနေ စတင်ဖြတ်ကျော်နေပြီလို့ ဆိုပါတယ်။ မုန်တိုင်း ဖန်နီဟာ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်ကို ဆက်လက်ရွေ့လျားပြီး အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ် တဖြည်းဖြည်း အားလျော့ကာ မြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းအရှိန်ကြောင့် မေ ၃ ကနေ ၅ ရက်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင် ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသတွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်ပါတယ်။ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး၊ လှိုင်းကြီးမယ်၊ တနာရီ မိုင် ၄၀ ကနေ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၀ ပေမှ ၁၃ ပေလောက် ရှိနိုင်ပါတယ်။ အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ဖန်နီရဲ့အရှိန်ကြောင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်တွေ၊ သင်္ဘောတွေကို ကြိုတင်သတိပြုဖို့ မိုးဇလက အကြံပြုထားပါတယ်။

More News
Up