A d v e r t i s e m e n t With Us

ကချင်ဒုက္ခသည်များ စောင်နှင့် အနွေးထည်များ လိုအပ်

ရာသီအကူးအပြောင်းကာလကို ရောက်လာတဲ့အတွက် တရုတ်-မြန်မာ နယ်စပ် ဗန်းမော်ခရိုင်းအတွင်းက ကချင်ဒုက္ခသည်စခန်းတွေမှာ နေထိုင်တဲ့ ကလေးနဲ့ သက်ကြီးရွယ်အို ဒုက္ခသည်တွေဟာ နွေးနွေးထွေးထွေး နေထိုင်နိုင်ဖို့ အ၀တ်အထည်နဲ့ ခြုံစရာစောင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၆ လလောက်က ပေးထားခဲ့တဲ့ စောင်တွေဟာ စုတ်ပြဲလာပြီးတော့ ရာသီအကူးအပြောင်းမှာ ဒုက္ခသည်တွေအတွက် စောင်နဲ့ အနွေးထည်တွေ လိုအပ်တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၀ိန်ပေါင်နိန်းထွဲး အဖွဲ့က တာဝန်ခံ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။ အရင်က ပေးခဲ့တဲ့ စောင်တွေဟာ ငွေကြေး အခြေအနေကြောင့် အရည်အသွေး မကောင်းသလို အိမ်ထောင်စုများတဲ့ အိမ်တွေဆိုရင် အလုံအလောက်မရဘူးလို့ ဆိုပါတယ်။ ဒေါ်မယ်ရီတွမ်က “အခုက အရမ်းအေးတဲ့အချိန်ဖြစ်တယ်။ ကလေးတွေအတွက်ရော သက်ကြီးရွယ်အိုတွေအတွက်ပါ စောင်တွေ၊ အနွေးထည်တွေက မလုံလောက်ဘူး၊ မရှိဘူး။ စောင်က မနှစ်တုန်းက ပေးထားတာတွေ ရှိသူကရှိတယ်။ တချို့အိမ်ထောင်စု လူဦးရေများတဲ့သူကျ မရဘူးဖြစ်နေတယ်။ ကျမတို့ ပေးထားတာတွေကလည်း ရှိတဲ့ငွေကြေးနဲ့ ဈေးပေါတာတွေ ပေးထားရတာဆိုတော့ စုတ်ပြဲတာလည်း ပြဲပေါ့။ ၁ နှစ်ကျော်လောက်လည်း ရှိနေပြီဆိုတော့လေ။” ၀ိန်ပေါင်နိန်းထွဲးအဖွဲ့ဟာ ဗန်းမော်ခရိုင် မိုးမောက်၊ မန်စီနဲ့ လွယ်ဂျယ်မြို့နယ်အတွင်းက ဒုက္ခသည်စခန်း ၇ ခုကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ ရာသီအကူးအပြောင်းကြောင့် ကလေးတွေ နှာစေး၊ ချောင်းဆိုးဖြစ်နေကြသလို အရင် ဩဂုတ်လက တရုတ်အစိုးရ မောင်းထုတ်ခဲ့တဲ့ ဒုက္ခသည်တွေလည်း အခုအခါ ပြန်လည် ရောက်ရှိလာတဲ့အတွက် စခန်းတွေမှာ ဒုက္ခသည်တွေ ထပ်များလာတယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံက အိမ်ထောင်စု ၇၀၊ လူဦးရေ ၃၀၀ နီးပါးရှိတဲ့ ဒုက္ခသည်တွေ အခုရက်ပိုင်းအတွင်း ပြောင်းရွှေ့လာတယ်လို့ ဒေါ်မယ်ရီတွမ်က ပြောပါတယ်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ကချင်ဒုက္ခသည်တွေကို ထောက်ပံ့ကူညီပေးတဲ့ ပစ္စည်းတွေဟာ သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့တွေရဲ့ ခွင့်ပြုချက် မရရှိတာကြောင့် ဗန်းမော်၊ မြစ်ကြီးနား မြို့တွေမှာ သောင်တင်နေတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ပြောပါတယ်။  စစ်ပွဲကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေ တရုတ်-မြန်မာ နယ်စပ်မှာ ခိုလှုံနေရပါတယ်။

A d v e r t i s e m e n t With Us

More News
Up