DVB Logo
Home
ဆောင်းပါး
ရခိုင်ပြည်နယ် ထာဝရ ငြိမ်းချမ်းစေဖို့ ဘာတွေ လုပ်သင့်သလဲ
DVB
·
October 31, 2012
Donate to DVB

လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော် မှာ အရေးကြီးအဆိုတရပ် တင်သွင်းခဲ့သလို သမ္မတရုံးကလည်း ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အလားတူ အန်အယ်လ်ဒီပါတီ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့၊ မိတ်ဆွေပါတီများအဖွဲ့ စတာတွေကလည်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ဒီအဆို ကြေညာချက်တွေရဲ့ အဓိပ္ပာယ်ရင်းက ဘာတွေလဲ၊ ရခိုင်ပြည်နယ်က ပဋိပက္ခတွေ ပြေငြိမ်းသွားအောင် ဘာတွေလုပ်သင့်လဲ ဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေးကော်မတီ က ဆွေးနွေးဆုံးဖြတ်ပြီး ပြည်သူ့လွှတ်တော်မှာ တင်သွင်းတဲ့ အဆိုကတော့ “တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ရရှိရေးအတွက် ပဋိပက္ခ ဖြစ်ပွားနေသော၊ ဖြစ်နိုင်ချေရှိသော မြို့နယ်များတွင် လုံခြုံရေးလိုအပ်ချက်အရ တပ်ဖွဲ့ဝင် အင်အားတိုးချဲ့ခြင်း၊ အဆင့်တိုးမြှင့်ခြင်း၊ အလျင်အမြန် ဆောင်ရွက်ရန်နှင့် ဥပဒေ ချိုးဖောက်ခြင်း၊ အခြေခံ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ပတ်သက်ပြီး တရားဥပဒေ စိုးမိုးရေးနှင့် ညီညွတ်စွာ၊ ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စီရင်ဆုံးဖြတ်ရန်တို့ကို ပြည်ထောင်စု အစိုးရအား ဤ လွှတ်တော်မှ တိုက်တွန်းကြောင်း” ဖြစ်ပါတယ်။ ဒီနေရာမှာ ထူးခြားချက်အနေနဲ့ ဥပဒေ ချိုးဖောက်တာ၊ လူ့အခွင့်အရေး ချိုးဖောက်တာကို ပွင့်လင်းမြင်သာစွာ အမြန်ဆုံး စီရင်ဆုံးဖြတ်ဖို့ ဆိုတာ ပါလာပါတယ်။ အဓိပ္ပာယ်ကတော့ ၂ ဖက် ပဋိပက္ခကို အကြောင်းပြုပြီး လုံခြုံရေးဆောင်ရွက်နေကြတဲ့ စစ်တပ်၊ ရဲ၊ နစက၊ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး ဆိုင်ရာ ပုဂ္ဂိုလ်တွေကိုယ်တိုင် လိုသလို အပြစ်ပေး အရေးယူတာ မဖြစ်ရအောင်၊ သူတို့ကိုယ်တိုင် ဥပဒေနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူတွေ ဖြစ်မသွားရအောင် ထိန်းကွပ်မယ့် သဘောကို အထင်အရှားတွေ့ရမှာ ဖြစ် ပါတယ်။

အလားတူ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အပါအ၀င် မိတ်ဆွေ ပါတီများရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ “အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့အစည်းကို အထောက်အပံ့ပေးတဲ့ လုံခြုံရေးယန္တရား (Aid for Civilian Power) အစီအမံကို အခုထက်ပို ကျယ်ကျယ်ပြန့်ပြန့်နဲ့ လျင်လျင်မြန်မြန် ချမှတ်ဆောင်ရွက်ပေးဖို့” ဆိုတဲ့ အချက်ကို အလေးပေး ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကတော့ ရခိုင်ပြည်နယ် ပဋိပက္ခ ပြဿနာကို အကြောင်းပြုပြီး စစ်အုပ်ချုပ်ရေးခေတ် ပြန်သွားမှာကို တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီတွေ မလိုလားကြောင်း ပြသလိုက်တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ကတော့ တမူထူးခြားနေတာ တွေ့ရပါတယ်။ ကြေညာချက်အဆုံးမှာ “ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ ရှိနေကြောင်း သိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။ ဒီ ကြေညာချက်ရဲ့ အဓိပ္ပာယ်ကတော့ ပဋိပက္ခရဲ့ လက်သည်တရားခံ ဆိုတာမျိုး လက်ညှိုးထိုး ဖော်ပြဖို့ ကြိုးစားတယ်လို့ ယူဆရပါတယ်။

တကယ်တော့ ဒီ ပဋိပက္ခမှာ အဓိက ဒုက္ခ ခံစားရသူတွေကတော့ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရခိုင်တိုင်းရင်းသားတွေ၊ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသားတွေနဲ့ ဘဂါင်္လီ လူမျိုးတွေ အားလုံးပဲ ဖြစ်ပါတယ်။ ဒီ ပြည်သူတွေအားလုံးဟာ အရင် စစ်အစိုးရလက်ထက်တုန်းကလည်း ဖိနှိပ်တာ ခံခဲ့ကြရပြီး အခု ဒီမိုကရေစီခေတ် ရောက်ပြန်တော့လည်း အသက်အန္တရာယ်နဲ့ ဘ၀ လုံခြုံမှု မရှိတော့တဲ့အထိ ပိုဆိုးတဲ့ ဒုက္ခ ခံစားကြရတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အပြင်ဘက် ရန်ကုန်နဲ့ မြို့ကြီးပြကြီးတွေမှာ ထုတ်ဝေတဲ့ တချို့ ဂျာနယ်တွေ၊ တချို့ လူထု လှုပ်ရှားမှုတွေဟာလည်း ရခိုင်ပြည်နယ်အရေး ပြေလည် ပြေငြိမ်းစေရေးကို ရှေးရှုတာမျိုး သိပ်မတွေ့ရဘဲ ပြဿနာကို ပိုမိုကြီးမားစေတာမျိုးတွေကိုပဲ တွေ့မြင်ကြရပါတယ်။ ဒီလိုဖော်ပြမှု ဒီလို လှုပ်ရှားမှုတွေဟာ ရခိုင်ပြည်နယ်နေ ရခိုင်တိုင်းရင်းသားတွေကို စာနာမှု မဖြစ်စေရုံသာမက ရခိုင်ပြည်နယ် အပြင်ဘက်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူတကွ နေထိုင်လာခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အစ္စလာမ် ဘာသာဝင်တွေကိုလည်း အနေခက်စေပါတယ်။

ရခိုင်ပြည်နယ်မှာ လောလောဆယ် လိုအပ်နေတာ တရားဥပဒေ စိုးမိုးရေးနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာရေး ဖြစ်ပါတယ်။ ထို့ အတူ လူမျိုး ဘာသာ  မတူတဲ့ သူတွေ တယောက်ကို တယောက် ယုံကြည်စိတ်ချစွာနဲ့ အတူတကွ နေထိုင်သွားနိုင်တဲ့ ပတ်ဝန်းကျင်မျိုးဖြစ်အောင် ပြန်ပြီး တည်ထောင်ပေးရေး ဖြစ်ပါတယ်။  အေးချမ်းစွာ နေလိုသူတွေနဲ့ စစ်သွေးကြွတွေ ခွဲထုတ်ပြီး အခြားသော ဥပဒေ ချိုးဖောက်သူတွေနည်းတူ တရားဥပဒေရှေ့မှောက် အရောက်ပို့ရေး ဖြစ်ပါတယ်။

သဘာဝ သယံဇာတ ပေါကြွယ်ဝလှတဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းသာယာလာရေးအတွက် တရားဥပဒေ စိုးမိုးရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေးနဲ့ လူမျိုး ဘာသာ ကွဲပြားသူတွေ အချင်းချင်းကြား ယုံကြည်မှုရှိပြီး အတူတကွ နေထိုင်သွားနိုင်ရေး ရှေးရှုဖို့ အရေးကြီးကြောင်း တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013