ရှမ်းပြည်နယ်ရှိ အမျိုးသမီး ၁၀၀၀၀ ကျော်ကို သားအိမ်ခေါင်းကင်ဆာ စစ်ဆေး ကုသပေး
DVB
·
May 1, 2019

ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ တောင်ပိုင်းက အိမ်ထောင်သည် အမျိုးသမီးပေါင်း ၁၀၀၀၀ ကျော်ကို သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကနေ ကာကွယ်နိုင်ဖို့ စစ်ဆေး ကုသပေးနိုင်ခဲ့တယ်လို့ ရှမ်းပြည်နယ် မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီကနေ သိရပါတယ်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဇနီးဖြစ်သူ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှု ကော်မတီ နာယက ဒေါ်နန်းရွှေမြင့်နဲ့ ခေတ္တဥက္ကဋ္ဌ ဒေါ်ညိုညိုလွင်တို့ဟာ ဧပြီ ၃၀ ရက်နေ့ကလည်း မိုင်းတုံပြည်သူ့ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ ကို သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ် စစ်ဆေး ကုသရေးအတွက် ဆွေးနွေးဟောပြောခဲ့ ပါတယ်။
“အိမ်ထောင်သည်အမျိုးသမီးတွေရဲ့ ကျန်းမာရေးဟာ အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကျန်းမာမှသာ မိမိခင်ပွန်းနဲ့ သားသမီးတွေရဲ့ လိုအပ်ချက်တွေကို အိမ်ရှင်မပီသစွာ လုပ်ကိုင် ပေးနိုင်မှာဖြစ်ပါတယ်။ စီးပွားရေးမှာလည်း တဖက်တလမ်းက ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။" လို့ ဒေါ်နန်းရွှေမြင့်က ပြောပါတယ်။
အိမ်ထောင်သည် အမျိုးသမီးတွေကို သားအိမ်ခေါင်းကင်ဆာ မဖြစ်ပွားစေရေးအတွက် လာမယ့် ၂၀၁၉ အောက်တိုဘာလကနေ စတင်စစ်ဆေးကုသနိုင်ဖို့ စီမံထားကြောင်းနဲ့ ရှမ်းပြည်နယ်တခုလုံးမှာ ၂၀၁၉ ခုနှစ် ကုန်အပြီး စစ်ဆေး ကုသပေးသွားမယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်တွေဟာ မိုင်းတုံပြည်သူ့ဆေးရုံမှာ တက်ရောက်နေတဲ့ ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးနဲ့ မွေးကင်းစကလေးမိခင် ၆ ဦးတို့ကိုလည်း အာဟာရနဲ့ ကလေးအနှီးပိတ်တွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
သတင်း- အောင်ဇေယျ