DVB Logo
Home
မြန်မာသတင်း
ရှမ်းတပ်သားသစ်များကို အစိုးရတပ်က တိုက်ခိုက်ဖမ်းဆီး
DVB
·
October 30, 2012
Donate to DVB

အစိုးရနဲ့ မကြာသေးခင်က အပစ်ခတ်ရပ် သဘောတူထားတဲ့  ရှမ်းပြည်တပ်မတော် မြောက်ပိုင်း အဖွဲ့ရဲ့ တပ်သားသစ်တွေကို အစိုးရတပ်က ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ထဲမှာ တိုက်ခိုက်ဖမ်းဆီးခဲ့ပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့က စုဆောင်းထားတဲ့ တပ်သားသစ်အင်အား ၄၀ ကျော်ကို နယ်မြေခံအစိုးရတပ်က အောက်တိုဘာ ၂၆ ရက်နေ့တုန်းက တာ့ပန်းကုန်းရွာအနီးမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်း ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလက အတည်ပြုပြောဆို ပါတယ်။

“အပစ်ရပ်စဲပြီး ငြိမ်းချမ်းရေးရအောင်လုပ်ဖို့ကို အကောင်အထည်မဖော်သေးဘူးလေ။ တိုက်ပွဲတွေ ဒီလောက်ဖြစ်နေတော့ ဘယ်လက်နက်ကိုင် အဖွဲ့အစည်းဖြစ်ဖြစ် အင်အားကို ဖြည့်တင်းကြမှာပဲ။ တည်ငြိမ်သွားရင်တော့ တပ်တိုးချဲ့စရာမရှိဘူး။ တပ်သားသစ်တွေ ၀မ့်ဟိုင်းဌာနချုပ်ကို ပို့ဖို့ အလာမှာ ပန်ဆေးပြည်သူ့စစ်နဲ့ နယ်မြေခံစစ်ကြောင်းတွေက တမင် စောင့်ပစ်ဖမ်းတဲ့ သဘောမျိုးပါ။”

အမှန်တော့ အဲဒီလမ်းကြောင်းမှာ တပ်သားသစ်တွေ ခေါ်ဆောင်လာမယ်ဆိုတာကို ရှမ်းပြည်တပ်မတော်ဘက်ကလည်း ပန်ဆေးပြည်သူ့စစ်တွေကို အကြောင်းကြားခဲ့ပြီးဖြစ်လို့ အခုလို တိုက်ခိုက်ဖမ်းဆီးတာဟာ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

အစိုးရနဲ့ အပစ်ခတ်ရပ်သဘောတူချက်ထဲမှာ တပ်သားသစ် မစုဆောင်းရေးကို လက်မှတ်မရေးထိုးခဲ့ကြောင်း၊ အပစ်ခတ်ရပ်သဘောတူပေမယ့် တဘက်နဲ့တဘက် တိုက်ပွဲပေါင်း အကြိမ် ၄၀ ကျော် ဖြစ်ပွားခဲ့တာမှာ မိမိဘက်ကလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် တပ်သားစုဆောင်းရေး၊ စစ်လေ့ကျင့်ရေးတွေ လုပ်ဆောင်နေရမှာဖြစ်ကြောင်း ဗိုလ်မှူးစိုင်းလက ဆက်ပြောပါတယ်။

ဒီလို ဖြစ်ပွားခဲ့တဲ့အပေါ်မှာ တပ်တွင်း အရေးပေါ်အစည်းအဝေးလုပ်ပြီးမှ အစိုးရနဲ့ ဆက်သွယ်ညှိနှိုင်းမှာဖြစ်ပြီး ဖမ်းဆီးသွားတဲ့ တပ်သားသစ်တွေကို ချုပ်နှောင်မထားဘဲ မိဘဆွေမျိုးဆီ ပြန်ပို့ပေးနိုင်ရင်တော့ အကောင်းဆုံးလို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

အစိုးရတပ်ဘက်ကလည်း ဖမ်းဆီးရမိသူတွေကို သက်ဆိုင်ရာ မိဘဆွေမျိုးတွေဆီ အကြောင်းကြားပြီး တရားဝင်လွှဲပြောင်းပေးမယ်လို့ မြ၀တီသတင်းမှာ ဖော်ပြသွားပါတယ်။

တပ်သားသစ်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူ၊ ကွတ်ခိုင်၊ လားရှိုး၊ နမ့်ခမ်း စတဲ့ မြို့ရွာက လူတွေဖြစ်ပြီး အဓမ္မတပ်သားစုဆောင်းခံရတယ်လို့ ပန်ဆေးပြည်သူ့စစ်အဖွဲ့က သတင်းပေးတဲ့အတွက် ဖမ်းဆီးရတာဖြစ်ကြောင်း မြ၀တီသတင်းက ဖော်ပြပါတယ်။

၁၉၈၉  ခုနှစ်က အစိုးရတပ်နဲ့ ငြိမ်းချမ်းရေးယူခဲ့တဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ဟာ ၂၀၁၀ ခုနှစ်မှာ အစိုးရတပ်ရဲ့ ဌာနေပြည်သူ့စစ်အသွင်ပြောင်းခိုင်းတာကို လက်မခံခဲ့တဲ့အတွက် မနှစ်က ၇ လကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်။

သမ္မတ  ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို အပစ်ခတ်ရပ်ရေး   ငြိမ်းချမ်းရေးဆွေးနွေးပွဲ   ဖော်ဆောင်ရေး ကမ်းလှမ်းခဲ့ပြီးတဲ့နောက် ဒီနှစ်ဆန်းပိုင်းမှာ အပစ်ခတ်ရပ် လက်မှတ်ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ၂ ကြိမ် တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့်လည်း တဘက်မှာတော့ တိုက်ပွဲတွေ ပြန်ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013