DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတကာကူညီရန် အာဆီယံတောင်းဆို
DVB
·
October 30, 2012
ရခိုင်ပြည်နယ် ပဋိပက္ခကို နိုင်ငံတကာကူညီရန် အာဆီယံတောင်းဆို
Donate to DVB

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ ပဋိပက္ခကို နိုင်ငံတကာ အသိုင်းအ၀ိုင်းက ကူညီဖြေရှင်းပေးဖို့ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့  အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်က တောင်းဆိုလိုက်ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ  အောက်တိုဘာ ၃၀ ရက် ကျင်းပတဲ့  အစည်းအဝေးပွဲတခုတွင် မိန့်ခွန်းပြောကြားရာမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးပြန်လည်သင့်မြတ်ဖို့နဲ့ ဒီမိုကရေစီရေးရှေ့ဆက်သွားဖို့ နိုင်ငံတကာရဲ့အကူအညီ လိုအပ်မှာဖြစ်တယ်လို့ ဆူရင်ပစ်ဆူဝမ်က ထည့်သွင်း ပြောကြားသွားတာပါ။

[caption id="attachment_32526" align="alignleft" width="300" caption="အရှေ့တောင်အာရှနိုင်ငံများအသင်း အတွင်းရေးမှူးချုပ် ဆူရင်ပစ်ဆူဝမ်"][/caption]

အာဆီယံအနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ အိုးမဲအိမ်မဲ့ဖြစ်ရသူတွေနဲ့ ဒုက္ခခံစားနေရမှုကနေ သက်သာရာရစေဖို့ ပဏာမကူညီပေးမှုတွေ လုပ်သွားမှာ ဖြစ်ပေမယ့် နိုင်ငံတကာအသိုင်းကလည်း ကူညီပေးကြဖို့ ဆူရင်ပစ်ဆူဝမ်က တောင်းဆိုသွားပါတယ်။

“လူတွေ ဖိစီးမှုတွေကနေ ပြေလျော့သွားစေဖို့၊ ဒုက္ခအခက်အခဲတွေနဲ့ နာကျင်မှုတွေကနေ သက်သာရာရစေဖို့ အာဆီယံအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ စေ့စပ်လုပ်ကိုင်ပေးမှုတွေကို အသေအချာ ဦးဆောင်လုပ်ကိုင်သွားနိုင်ပါတယ်။ အာဆီယံ လုပ်နိုင်တာထက်ကျော်ပြီး ကုလသမဂ္ဂလို ကမ္ဘာ့အဖွဲ့အစည်းတွေကနေ နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ လုပ်ဖို့ ကိစ္စတွေရှိနေပါသေးတယ်။”

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းက အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ လူ့အခွင့်အရေးဆွေးနွေးပွဲ တခုမှာလည်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ သွေးထွက်သံယိုမှုတွေဟာ အရှေ့တောင်အာရှဒေသတခုလုံးကို မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ ဆူရင်ပစ်ဆူဝမ်က သတိပေးလိုက်ပါတယ်။

ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ လူထုအခြေပြုအဖွဲ့အစည်းတွေကို ကိုယ်စားပြုတက်ရောက်တဲ့ ဦးကျော်လင်းဦးကတော့  အာဆီယံ အတွင်းရေးမှူးချုပ် ပြောကြားခဲ့တဲ့စကားကို ကိုးကားပြီး ခုလိုပြောပါတယ်။

“ဆူရင်ပစ်ဆူဝမ်က ဒီကိစ္စကို ထိထိရောက်ရောက် ကိုင်တွယ်ရမယ်။ ကိုင်တွယ်တဲ့အခါ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေး၊ နိုင်ငံသားပေးမှု၊ လူနည်းစုအခွင့်အရေး ဒါတွေနဲ့ ဆက်စပ်ပြီး ကိုင်တွယ်မှ ဒါဟာ ပြေလည်မယ်။ ဒီလိုမှ မကိုင်တွယ်နိုင်ရင် မြန်မာပြည် အနောက်ခြမ်းမှာဖြစ်တဲ့ ပြဿနာဟာ ဒေသတွင်းပျံ့နှံ့လာပြီး ဆူမားတြားရေလက်ကြားမှာ ပျံ့နှံ့ပြီး နောက်ထပ် ဆိုမာလီယာပုံစံမျိုး ဖြစ်သွားနိုင်တယ်လို့ ထည့်ပြောသွားတာ ကြားလိုက်ပါတယ်။”

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေဟာ ဒေသတွင်းပြဿနာ ဖြစ်မလာအောင် တားဆီးတဲ့အနေနဲ့ မြန်မာ၊ အာဆီယံနဲ့ ကုလသမဂ္ဂ၊ သုံးပွင့်ဆိုင်ဆွေးနွေးကြဖို့ ကမ်းလှမ်းခဲ့ပေမယ့် မြန်မာအစိုးရက ဒီအစီအစဉ်ကို ပယ်ချခဲ့တယ်လို့လည်း ဆူရင်ပစ်ဆူဝမ်က ပြောပါတယ်။

မြန်မာနိုင်ငံက ဒီပြဿနာဟာ ပြည်တွင်းရေးလို့ ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဒီပြည်တွင်းရေးဟာ ဂရုတစိုက် မကိုင်တွယ်ရင်  နောက်တနေ့မှာ ဒီပြဿနာဟာ ကျနော်တို့ရဲ့ ပြဿနာဖြစ်လာနိုင်တယ် လို့ ကွာလာလမ်ပူမှာ သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းဖြစ်ပွားခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘဂါင်္လီတွေရဲ့ ပဋိပက္ခအတွင်း အနည်းဆုံး လူ ၈၀ ကျော် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013