နီပေါအသင်းကို အနိုင်ယူပြီး မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အာရှခြေစစ်ပွဲ အောင်မြင်

ဓာတ်ပုံ - MFF
အာရှ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲ ခြေစစ်ပွဲအဖြစ် မြန်မာနဲ့ နီပေါအသင်းတို့ မနေ့က ယှဉ်ပြိုင်ရာ မြန်မာ ယူ-၁၉ အမျိုးသမီးက ၂ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ မြန်မာအသင်းဟာ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်ခဲ့ပေမယ့် ပထမပိုင်းမှာ ကစားကွက် တည်မရဘဲ နီပေါအသင်းရဲ့ အားထုတ်ကြိုးစား ကစားလာမှုကြောင့် အခက်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ပွဲချိန် ၃၅ မိနစ်မှာ မြန်မာအသင်းခေါင်းဆောင် ဇွန်ယုယဦး ဖျက်ထုတ်ပုံ ကြမ်းတဲ့အတွက် တိုက်ရိုက်အနီကတ်နဲ့ အထုတ်ခံခဲ့ရသလို ပယ်နယ်တီလည်း ပေးခဲ့ရပါတယ်။ အဲဒီပယ်နယ်တီကို နီပေါအသင်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့ပြီး ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မြန်မာအသင်းဟာ လက်ကျန်ပွဲစဉ်တွေကို တယောက်လျော့နဲ့ ကစားခဲ့ရပေမယ့် ကစားသမားတွေ အားကုန်ထုတ် ကြိုးစားကစားခဲ့တဲ့အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ သွင်းနိုင်ခဲ့တာပါ။ ပွဲချိန် ၄၇ မိနစ်မှာ မြန်မာအသင်း တိုက်စစ်မှူး စန်းသော်သော်က ချေပဂိုးနဲ့ ၆၅ မိနစ်မှာ မေဖူးကိုက အနိုင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာ မြန်မာအသင်း ပယ်နယ်တီ ကန်သွင်းခွင့်ရခဲ့ပေမယ့် တိုင်ထိထွက်သွားလို့ နစ်နာခဲ့ရပါတယ်။ မြန်မာအသင်း ပါဝင်တဲ့ အုပ်စု က တခြားပွဲစဉ်မှာတော့ သြစတြေးလျ ယူ-၁၉ အသင်းက ဥဇဘက်ကစ္စတန်ကို ၄ ဂိုး ​၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ သြစတြေးလျက သုံးပွဲကစား သုံးပွဲလုံးနိုင်ပြီး အုပ်စု ပထမ၊ မြန်မာအသင်းက သုံးပွဲကစား နှစ်ပွဲနိုင်၊ တပွဲရှုံး ၆ မှတ်နဲ့ အုပ်စု ဒုတိယနေရာကနေ ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။ AFC U-19 Women's Championship Thailand 2019 နောက်ဆုံးအဆင့်ပြိုင်ပွဲကို အိမ်ရှင် ထိုင်းအသင်းနဲ့အတူ ခြေစစ်ပွဲ အောင်မြင်လာတဲ့ မြန်မာအသင်း၊ ဂျပန်အသင်း၊ မြောက်ကိုရီးယားအသင်း၊ တရုတ်အသင်း၊ သြစတြေးလျအသင်း၊ တောင်ကိုရီးယားအသင်းနဲ့ ဗီယက်နမ်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပါတယ်။ ဒီပြိုင်ပွဲမှာ ပထမ၊ ဒုတိယနဲ့ တတိယရရှိတဲ့ အသင်းတွေအနေနဲ့ ၂၀၂၀ ကမ္ဘာ့ဖလား အမျိုးသမီး ယူ-၂၀ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိမှာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up