A d v e r t i s e m e n t With Us

အစိုးရပိုင် စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု မရှိဆုံးဖြစ်နေ

အစိုးရပိုင် စီးပွားရေးလုပ်ငန်းတွေဟာ ပွင့်လင်းမြင်သာမှု အနည်းဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းတွေကို လေ့လာဆန်းစစ် ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာ အရသိရပါတယ်။ ရန်ကုန်မှာ အခြေစိုက်ထားတဲ့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး  အထောက်အကူ ပြုဌာန (MCRB)နဲ့ စီးပွားရေးအကြံပေးကုမ္ပဏီဖြစ်တဲ့ Yever တို့ ပူးပေါင်းပြီး ဒီကနေ့ ထုတ်ပြန်တဲ့ ပွင့်သစ်စ အစီခံစာမှာ ဖော်ပြထားတာပါ။ အစီရင်ခံစာမှာ မြန်မာစီးပွားရေးလုပ်ငန်းပေါင်း ၂၄၈ ခုရဲ့ ဝဘ်ဆိုဒ်တွေကို လေ့လာ အကဲဖြတ်ထားပြီး စတော့အိပ်ချိန်းစာရင်းဝင်ကုမ္ပဏီ ၅ ခု၊ အများပိုင် ကုမ္ပဏီ ၅၅ ခုနဲ့ ပုဂ္ဂလိကပိုင် ထင်ရှားတဲ့ ကုမ္ပဏီ ၁၆၀ ပါဝင်ပါတယ်။ အစိုးရပိုင် လုပ်ငန်း ၂၈ ခုကတော့ ဒီနှစ်မှာမှ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ပါတယ်။ ရန်ကုန်စတော့အိပ်ချိန်းစာရင်းဝင် ကုမ္ပဏီ ၅ ခုက ပျမ်းမျှရမှတ် ၃၂ ရာခိုင်နှုန်းစီ ရရှိပြီး၊ အများပိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေထက် ပိုမိုကောင်းမွန်တာကို တွေ့ရတယ်လို့ MCRB က ဆိုပါတယ်။ အများပိုင်နဲ့ ပုဂ္ဂလိကကုမ္ပဏီတွေဟာ ပျမ်းမျှရမှတ် ၄ ရာခိုင်နှုန်းစီရရှိပြီး အစိုးရပိုင် လုပ်ငန်းတွေကတော့ ပျမ်းမျှရမှတ် အနည်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရပိုင် လုပ်ငန်းတွေမှာ ရမှတ်အများဆုံးက ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်နဲ့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင် တို့ဖြစ်ပြီး ဒီနှစ်ခုပဲ ပျမ်းမျှရမှတ် ၅ ရာခိုင်နှုန်း အထက်ရရှိခဲ့တာပါ။ MCRB ရဲ့ ဒါရိုက်တာ ဗစ်ကီဘိုမန်က “မြန်မာကုမ္ပဏီများဥပဒေအရ ပုဂ္ဂလိကပိုင် ကုမ္ပဏီအားလုံးဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ကို  နှစ်စဉ် အစီရင်ခံစာနဲ့ လက်ကျန်ငွေစာရင်းရှင်းတမ်းအပါအဝင် ဥပဒေအရ ပြုစုဆောင်ရွက်ရမယ့် အစီရင်ခံစာ တွေကို တင်ပြရမှာပါ။ ဒီအချက်အလက် တွေက အများပြည်သူကို အသိပေးရမယ့် အချက်တွေဖြစ်ပြီး MyCO (အီလက်ထရောနစ် မှတ်ပုံတင်စနစ်) ကနေ အများပြည်သူ ရရှိနိုင်ရမယ့် အချက်အလက်တွေလည်းပဲ ဖြစ်ပါတယ်” လို့ ပြောပါတယ်။ ရမှတ် အများဆုံးရရှိတဲ့ ကုမ္ပဏီတွေကတော့ စီးတီးမတ်ကုမ္ပဏီ၊ First Myanmar Investment (FMI)၊ မက်စ်မြန်မာနဲ့ ရွှေတောင်ကုမ္ပဏီတို့ ဖြစ်ပြီး ဒီကုမ္ပဏီတွေဟာ အရင်ကလည်း ထိပ်တန်ကုမ္ပဏီ ၁၀ ခုထဲမှာ ပါခဲ့တာပါ။ အကဲဖြတ်ခဲ့တဲ့ ကုမ္ပဏီ ၂၄၈ ခုထဲက ၁၀၈ ခုဟာ ဝက်ဘ်ဆိုဒ်တောင်မရှိသေးဘဲ အများစုကတော့ သတင်းအချက်အလက်နည်းနည်းပဲတင်ထားတာ၊ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုနဲ့ စွမ်းဆောင်ရည်ဆိုင်ရာ  အချက်အလက်တွေ ဖော်ပြထားတာ မရှိဘူးလို့ ဆိုပါတယ်။ ၂၀၁၉ ပွင့်သစ်စ အစီရင်ခံစာ စစ်တမ်းကို ကုမ္ပဏီတွေရဲ့ ဝဘ်ဆိုဒ်ပေါ်မှာ ဖော်ပြထားတဲ့ သတင်း အချက်အလက်တွေကိုပဲ အမှတ်ပေးထားပြီး ကော်ပိုရိတ် အကြောင်းအရာ၊ ကော်ပိုရိတ်စီမံအုပ်ချုပ်ပုံ၊ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ စီမံခန့်ခွဲ တာနဲ့ အစီရင်ခံတာတို့ကို အာဆီယံ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု ရမှတ်မှတ်တမ်း စံသတ်မှတ်ချက်တွေနဲ့ တိုင်းတာ အကဲဖြတ် အမှတ်ပေးထားတယ်လို့ MCRB က ဆိုပါတယ်။ ဓာတ်ပုံ-MCRB

A d v e r t i s e m e n t With Us

More News
Up