DVB Logo
Home
မြန်မာသတင်း
ရွှေလီဆွေးနွေးပွဲ ထိုးစစ်ကိစ္စ ဆွေးနွေး
DVB
·
October 30, 2012
ရွှေလီဆွေးနွေးပွဲ ထိုးစစ်ကိစ္စ ဆွေးနွေး
Donate to DVB

မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့က ချန့်ဂျင်းဟိုတယ်မှာ ဒီနေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို စတင်ခဲ့ပြီး အဓိက လက်ရှိ နှစ်ဖက် ဖြစ်ပွားနေတဲ့ ထိုးစစ်ကိစ္စကို အကျေအလည် ဆွေးနွေးနေကြပါတယ်။

ဦးအောင်သောင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ၃ ကြိမ်မြောက် ဆွေးနွေးပြီးနောက် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုဖြစ်ပါတယ်။

မနက် ၉ နာရီကနေ ၁၁ နာရီခွဲထိ ဆွေးနွေးပွဲမှာ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးနဲ့ ကေအိုင်အိုအဖွဲ့ ကိုယ်စားလှယ်ခေါင်းဆောင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၉ ဦးတို့ ဆွေးနွေးကြတယ်လို့ ကိုယ်တိုင်သွားရောက်သတင်းယူတဲ့ ဒီဗွီဘီသတင်းထောက် ကိုဗညားက ပြောပါတယ်။

နိုင်ငံတော်သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း၊ သစ်တောရေးနဲ့ ပတ်ဝန်းကျင်ရေးရာဌာန  ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း ၊ မွေးမြူရေးနဲ့ ရေလုပ်ငန်းဌာန  ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်အောင်စိုး၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ကချင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင်၊ ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သူနဲ့ ဗိုလ်မှူးကြီးကျော်စွာဝင်းတို့ ဖြစ်ပါတယ်။

ကေအိုင်အိုကိုယ်စားလှယ်အဖွဲ့မှာ ကေအိုင်အို ဗဟိုကော်မတီဝင်တဦးဖြစ်တဲ့  ဦးဆွမ်လွတ်ဂမ်က ဦးဆောင်ပြီး ဗိုလ်မှူးကြီးလဖိုင်လ၊ ဗိုလ်မှူးကြီးကြီးနောင်၊ ဗိုလ်မှူးကြီးသောင်ယွန်း၊ ဗိုလ်မှူးကြီးခွန်နောင်၊ ဗိုလ်မှူးကြီးကျော်တောင်၊ ဗိုလ်မှူးကြီးလိမ်ခေါ၊ ဗိုလ်မှူးကြီးနော်ထွယ်နဲ့ ရုံးအဖွဲ့မှူး ဦးခွန်စိုင်းဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်တွေက အစိုးရက ကေအိုင်အိုကို ထိုးစစ်မလုပ်ကြောင်း ရှင်းလင်းခဲ့ပြီး ကေအိုင်အိုဘက်က ပြန်တုံ့ပြန်ရာမှာ ကေအိုင်အိုဌာနချုပ်ကို စခန်းသိမ်းတိုက်ပွဲဝင်ရာမှာ အသုံးပြုတဲ့ ၁၀၅ မီလီမီတာ အမြှောက်နဲ့ ၁၄ ကြိမ်ပစ်ခတ်မှု အပါအ၀င် တိုက်ပွဲအမြောက်အများကို စာရင်းတင်ပြပြီး မေးခွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ထွန်းထွန်းနောင်က ထိုးစစ်မရှိဘူးလို့ ပြောဆိုချက်ကို ကေအိုင်အိုကိုယ်စားလှယ် ဗိုလ်မှူးကြီးလဖိုင်လက အထောက်အထားတွေနဲ့ အစိုးရတပ်ထိုးစစ်တွေကို ထောက်ပြပြောဆိုတယ်လို့ ဆိုပါတယ်။

ကိုဗညားက “အဓိက မြန်မာပြည်ဘက်ကလာတွေ့တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ ပြောတာကတော့ တပ်မတော်ဘက်က ထိုးစစ်မရှိဘူး။ ကချင်ဘက်ကပြောတာကတော့ ထိုးစစ်တွေရှိနေတယ်ပေါ့။ အဲဒီတဆင့်ကို ပြေလည်ဖို့ အဓိကထားပြောကြတယ်” လို့ ပြောပါတယ်။

ကေအိုင်အိုဘက်က ထိပ်တန်းတာဝန်ရှိသူတွေဖြစ်တဲ့ ဆုံးဖြတ်နိုင်လောက်တဲ့ ဗိုလ်ချုပ်ဂွမ်မော်တို့လို ပုဂ္ဂိလ်မျိုးမပါတဲ့အတွက် ကနဦးစာရင်းပေးထားတဲ့ အစိုးရဘက်က ကိုယ်စားလှယ်အဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့ (၁) မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကတော့ မူဆယ်မြို့မှာ နေရစ်ခဲ့တာကြောင့် ဒီကနေ့ ဆွေးနွေးပွဲမှာ ပါဝင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒီနေ့ ဆွေးနွေးပွဲအစမှာ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးကို လုပ်ပိုင်ခွင့် အပ်နှင်းစေလွှတ်တယ် ဆိုတာကို အစိုးရကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းက ထည့်သွင်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

၃ ရက်ကြာကျင်းပမယ့် ဒီဆွေးနွေးပွဲမှာ ကေအိုင်အိုဘက်က ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်တို့လို ပုဂ္ဂိုလ်မျိုး ပါဝင်လာရင် သူလည်း ပါဝင်ဆွေးနွေးမယ်လို့ ဆိုပါတယ်။

နဂိုက ကေအိုင်အိုဘက်က တောက်လျှောက်ကမ်းလှမ်းပြောဆိုနေတဲ့ တပ်တည်နေရာ သတ်မှတ်ရေးကိစ္စကို နှစ်ဘက်ကိုယ်စားလှယ်အဖွဲ့တွေမှာ ဆုံးဖြတ်နိုင်တဲ့ ခေါင်းဆောင်တွေ မပါဝင်တဲ့အတွက် ဆွေးနွေးနိုင်ခြင်းမရှိသေးပါဘူး၊

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံ ရွှေလီအခြေစိုက် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက “ကျနော်လည်း ပထမတော့ ကိုဂွမ်မော်တို့လာလိမ့်မယ်ထင်တာ။ ဒါပေမယ့်တခုရှိတာပေါ့နော်။ ကိုမြင့်စိုး (ကထစ (၁)မှူး ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုး)ကို ကာကွယ်ရေးဦးစီးချုပ်ကနေပြီးတော့ full authority အပြည့်အ၀လုပ်ပိုင်ခွင့်ပေးလိုက်တယ် ဆိုတဲ့သတင်းကလည်း အစည်းအဝေးကျမှ ကြားကြတာကိုး။ ကိုမြင့်စိုးအနေနဲ့ကလည်း regional commander ထက် နည်းနည်းသာတာဆိုတော့ regional ပြဿနာကို အရင်ရှင်းမလား ဆိုတာဖြစ်တာ။ အဓိက တပ်နဲ့ဆွေးနွေးတာ လိုအပ်သလို၊ နိုင်ငံရေးဆွေးနွေးကြတဲ့အခါမှာလည်း လိုအပ်တယ်။ တပြိုင်နက်လုပ်ရမယ့်ကိစ္စပေါ့။ အဲဒီတော့ ကိုဂွမ်မော်မလာလို့ ကိုမြင့်စိုးမလာဘူးဆိုတာလည်း သိပ်ကောင်းကြတာတော့မဟုတ်ဘူးလေ” လို့ ပြောပါတယ်။

အဓိကကျတာက အပစ်အခတ်ရပ်စဲရေး အရင်လုပ်မလား၊ တပ်ဆုတ်ရေး အရင်လုပ်မလား၊ နိုင်ငံရေးဆွေးနွေးပွဲ အရင်လုပ်မလားဆိုတာ ဒီနေ့ မနက်ပိုင်း ဆွေးနွေးပွဲအချိန်ထိ သဲသဲကွဲကွဲ ဆွေးနွေးနိုင်ခြင်းမရှိကြသေးပါဘူး။

၂ ဘက်ကိုယ်စားလှယ်အဖွဲ့ဟာ နေ့ခင်း ၁ နာရီမှာ ဆွေးနွေးပွဲကို ပြန်လည် စတင် ကျင်းပနေပါတယ်။

Read more

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013