ဒေါ်အောင်ဆန်းစုကြည် အန်ကောဝပ်ဘုရားကျောင်းကို သွားရောက်ဖူးမြော်မည်
DVB
·
April 29, 2019
နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာကျော် အန်ကောဝပ်ဘုရားကျောင်းရှိရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသဖြစ်တဲ့ ဆီရမ်ယိခရိုင်ကို သွားရောက်မယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဖိတ်ကြားချက်အရ ဒီကနေ့ ဧပြီ ၂၉ ရက်ကနေ မေလ ၁ ရက်အထိ ၃ ရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်မှာ ဖြစ်ပြီး ခရီးစဉ်အတွင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒွန် သီဟမိုနိနဲ့လည်း နန်းတော်မှာ သွားရောက်တွေ့ဆုံဖို့ ရှိပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဝန်ကြီးချုပ် ဟွန်ဆန်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံဆွေးနွေးပွဲ ကျင်းပဖို့ရှိသလို ကမ္ဘောဒီးယား အထက်နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌတွေနဲ့လည်း သီးခြားစီ တွေ့ဆုံဖို့ ရှိနေပါတယ်။
မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံအကြား အာဆီယံမူဘောင်အတွင်း ကဏ္ဍအားလုံးမှာ ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပိုမို အားကောင်း တိုးချဲ့လာလိမ့်မယ်လို့ ကမ္ဘောဒီးယား အစိုးရက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဘေကျင်းမြို့မှာ ဒုတိယအကြိမ်မြောက် ရပ်ဝန်းနှင့် ပိုးလမ်းမ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် တက်ရောက်ပြီးနောက် တရုတ်နိုင်ငံကတဆင့် ကမ္ဘောဒီးယားနိုင်ငံကို ဆက်လက်သွားရောက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အန်အယ်လ်ဒီအစိုးရ အာဏာရပြီးနောက် ကမ္ဘောဒီးယားနိုင်ငံကို ပထမဆုံးအကြိမ် သွးရောက်တဲ့ တရားဝင်ချစ်ကြည်ရေးခရီးစဉ်လည်း ဖြစ်ပါတယ်။