DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ၂ မြို့နယ်အတွင်း ဘိန်းခင်းများပပျောက်ရေး ရှေ့ပြေးဆောင်ရွက်မည်
DVB
·
October 29, 2012
ရှမ်းပြည်နယ် ၂ မြို့နယ်အတွင်း ဘိန်းခင်းများပပျောက်ရေး ရှေ့ပြေးဆောင်ရွက်မည်
Donate to DVB

ရှမ်းပြည်တပ်မတော်တောင်ပိုင်း၊ မြန်မာအစိုးရကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (ယူအန်အိုဒီစီ)က တာဝန်ရှိသူတွေဟာ ရှမ်းပြည်နယ်တွင်း မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် ပူးတွဲဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့တာမှာ စံပြရှေ့ပြေး အနေနဲ့ မြို့နယ် ၂ မြို့နယ်မှာ အရင်ဆုံးဆောင်ရွက်သွားဖို့ သဘောတူခဲ့ပါတယ်။

အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့က ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့မှာ ၂ ရက် တိုင် ဆွေးနွေးပွဲပြုလုပ်ပြီး အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

[caption id="attachment_32485" align="alignleft" width="300" caption="ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၇ ရက်က ရှမ်းပြည်နယ် တာပူးကျေးရွာအနီး ဘိန်းစိုက်ခင်းတခုကို တာဝန်ရှိသူများ ဖျက်ဆီးနေစဉ် (ဓာတ်ပုံ - ရိုက်တာ)"][/caption]

ရှမ်းပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးပပျောက်ရေး ဆောင်ရွက်ဖို့ မြို့နယ်အတော်များများကို တင်ပြထားပေမယ့်လည်း ရှမ်းပြည်တောင်ပိုင်း မိုးနဲနဲ့ မိုင်းပန်မြို့နယ်တွေမှာ အရင်ဆုံး ဆောင်ရွက်သွားမယ်လို့ ရှမ်းပြည်တပ်မတော် တောင်ပိုင်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး စိုင်းဆိုင်မိုင်းက ပြောပါတယ်။

“စီမံကိန်းတွေနဲ့ ပတ်သက်ပြီးတော့ ပြည်သူလူထုကို အသိပေးမယ်၊ သူတို့ဆီကလည်း အကြံဥာဏ်တောင်းမယ်။ ဒေသခံပြည်သူလူထုနဲ့ လိုက်ဖက်မယ့်၊ စိုက်ရမယ့် နှစ်ရှည်နှစ်တို သီးနှံတွေလည်း ထပ်ရွေးချယ်ရဦးမှာပါ။ အဲအပေါ်မူတည်ပြီး ဈေးကွက်တွေ ဘယ်လိုဖန်တီးရမလဲဆိုတာလည်း ထပ်ပြီးတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတာ အဆင့်လိုက် အဆင့်လိုက် လုပ်ဆောင်သွားရမယ့် အချက်တွေဖြစ်ပါတယ်။”

မြို့နယ် ၂ ခုတွင်း ခန့်မှန်းလေ့လာချက်တွေကို ယူအန်အိုဒီစီအနေနဲ့ လာမယ့်  နိုဝင်ဘာ ဒုတိယပတ်လောက်မှာ စတင်ဖို့ ဆန္ဒရှိပေမယ့်လည်း လုံခြုံရေးပိုင်းမှာ အထက်ဌာနကို ဆက် တင်ပြရမှာဖြစ်ပြီး  ဒီမြို့နယ် ၂ ခုကို မူးယစ်ဆေးကင်းစင်တဲ့ ဇုန်အဖြစ် သတ်မှတ်နိုင်ပြီဆိုရင် နောက်ထပ်မြို့နယ်တွေကို တိုးချဲ့ဆောင်ရွက်သွားမယ်လို့လည်း ဗိုလ်ကြီး  စိုင်းဆိုင်မိုင်းက ပြောပါတယ်။

ဒီဆွေးနွေးပွဲမှာ ရှမ်းပြည်တပ်မတော်ဘက်က ဗိုလ်မှူးချုပ် စ၀်ပေါင်ခေး၊ အစိုးရဘက်က ပြည်ထဲရေးဌာန ရဲတပ်ဖွဲ့ (မူးယစ်ဗဟို) ရဲမှူးကြီးမြင့်အောင်နဲ့ ယူအန်အိုဒီစီက မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ မစ္စတာ ဂျေဆန် အဲလစ်ဖ် (Jason Eligh) တို့ ဦးဆောင်ပြီး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲမှာ လက်မှတ်ရေးထိုးမှုတွေ မရှိခဲ့ပေမယ့်လည်း (၁) အထက်ပါ မြို့နယ် ၂ ခုမှာ အရင်ဆုံး ခန့်မှန်းလေ့လာမှု ဆောင်ရွက်ဖို့၊ (၂) ဘိန်းအစားထိုး စီမံကိန်းအတွက် သုံးဘက် ပူးပေါင်းရွေးချယ်ဖို့၊ (၃) စီမံကိန်းတွေကို လူထုအဖွဲ့အစည်းတွေကို ရှင်းပြပြီး အကြံဥာဏ်ရယူဖို့၊

(၄) စံပြရှေ့ပြေးအစားထိုးစီမံကိန်းနေရာမှာ အစိုးရ၊ ယူအန်အိုဒီစီနဲ့ ရှမ်းပြည်တပ်မတော် အမြန်ဆုံးပူးပေါင်းဆောင်ရွက်ရေး၊ (၅)  အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းမှာ ယူအန်အိုဒီစီက နည်းပညာပံ့ပိုး ကူညီရေး၊ (၆) စီမံကိန်း ကုန်ကျစရိတ်အတွက် အပြည်ပြည်ဆိုင်ရာ အလှူရှင်တွေဆီကနေ ရရှိရေး ယူအန်အိုဒီစီနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့၊ (၇) ရှမ်းပြည်တပ်မတော်တွင်းနဲ့ ဒေသခံပြည်သူတွေအကြား  မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ပညာပေးရေး လုပ်ဆောင်ဖို့၊ (၈) အစိုးရ၊ ရှမ်းပြည်တပ်မတော်နဲ့ ယူအန်အိုဒီစီ ၃ ဖွဲ့ကြား ဆက်သွယ်ရေး တာဝန်ခံတွေ ထားရှိပြီး သတင်းအချက်အလက်တွေ ဖလှယ်ဖို့နဲ့ (၉) လုံခြုံရေးဆိုင်ရာကိစ္စမှာ သက်ဆိုင်ရာ အထက်ဌာနတွေကို ဆက်ပြီးတင်ပြသွားဖို့ စတဲ့ အချက် ပေါင်း ၉ ချက်ကို သဘောတူညီခဲ့တယ်လို့ ရှမ်းပြည်တပ်မတော်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အာဖဂန်နစ္စတန်နိုင်ငံပြီးရင် ဒုတိယ ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ် ယူအန်အိုဒီစီရဲ့ နှစ်စဉ် အစီရင်ခံစာတွေမှာ ဖော်ပြလေ့ရှိပြီး မြန်မာနိုင်ငံတွင်း ဘိန်းစိုက်ပျိုးမှုအများစုဟာ ရှမ်းပြည်နယ်မှာဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲ မူးယစ်ဆေးဝါး လုံးဝကင်းစင်ရေးအတွက် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ ဒီလဆန်းပိုင်းက “၀” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့   တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။

တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး ယူဒဗလျူအက်စ်အေ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က “ကျနော်တို့ဘက်ကလည်း ဒါကို ခွင့်မပြုဘူး။ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေတယ် ဆိုတာကိုတော့ နိုင်ငံတော်ကလည်း အသိအမှတ်ပြုတဲ့အကြောင်းပေါ့။ ကိုယ့်ဒေသမှာ တင်းတင်းကျပ်ကျပ် ဆောင်ရွက်သွားဖို့၊ စံနမူနာပြ အဖြစ် ဆက်လက် ဆောင်ရွက်သွားမယ့် အကြောင်းပေါ့။ ကျနော်တို့ လုပ်ဆောင်ချက်နဲ့ နိုင်ငံတော်လုပ်ဆောင်ချက်က ကွဲပြားမှုမရှိဘူးပေါ့။ ဒါတွေလည်း ဆက်ထိန်းဖို့ ပြောပါတယ်” လို့ ဆိုပါတယ်။

“၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဆိုရင် ၂၀၀၅ ခုနှစ်နောက်ပိုင်းမှာ ဘိန်းစိုက်ပျိုးမှု လုံးဝပပျောက်သွားပြီး တခါတလေ သံလွင်မြစ်အနောက်ဘက်ကမ်းကနေ တရုတ်ပြည်ထိ နယ်မြေထဲ ဖြတ်သန်းဝင်ရောက်လာတဲ့ ကုန်သည်တွေပဲ ရှိတယ်လို့ ဆိုပြောပါတယ်။

မြန်မာအစိုးရဟာ မြန်မာနိုင်ငံမှာ ၂၀၁၄  ခုနှစ်က မူးယစ်ဆေးဝါးပပျောက်ရေးစီမံချက်ကို  ၂၀၁၉ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013