DVB Logo
Home
မြန်မာသတင်း
တရားရုံးတွေကို ဟိုတယ်ဆောက်မယ့်ကိစ္စ အစိုးရနဲ့ ရှေ့နေကွန်ယက်ဆွေးနွေး
DVB
·
October 28, 2012
တရားရုံးတွေကို ဟိုတယ်ဆောက်မယ့်ကိစ္စ အစိုးရနဲ့ ရှေ့နေကွန်ယက်ဆွေးနွေး
Donate to DVB

ရှေးဟောင်းအဆောက်အဦတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်နဲ့ ရန်ကုန်တိုင်း တရားရုံးတွေကို ပြတိုက်နဲ့ ဟိုတယ်လုပ်မယ့် စီမံကိန်းကိစ္စ သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းအပါအ၀င် အစိုးရ၀န်ကြီးတွေနဲ့ ရှေ့နေ ကွန်ယက်က ခေါင်းဆောင် တချို့ အောက်တိုဘာ ၂၇ ရက်နေ့က တွေ့ဆုံ ဆွေးနွေးပြောခဲ့ကြပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမမှာ ၀န်ကြီးတွေရဲ့ ဖိတ်ကြားချက်အရ သွားရောက် တွေ့ဆုံတာဖြစ်တယ်လို့  ရှေ့နေ ဦးကိုနီက ပြောပါတယ်။

[caption id="attachment_32448" align="alignleft" width="300" caption="အောက်တိုဘာလ ၁၇ ရက်နေ့က ရှေ့နေများကွန်ယက်အဖွဲ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့စဉ်"][/caption]

“ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်လုပ်ထားတဲ့ အဆောက်အအုံဟာ သမိုင်းဝင် အမွေအနှစ်ဖြစ်တယ်ဆိုတာ သူတို့ကောင်းကောင်းသိတယ်။ ဘယ်သူ့ကိုမှ မပေးဘူးပေါ့လေ။ အပေါ်ဆုံးထပ် အထပ် ၁ ထပ်ကို ပက်စီ ဦးသိန်းထွန်းကို ပေးတာက အပြီးမဟုတ်ဘူးပေါ့လေ. သူက စာကြည့်တိုက် တခု ထောင်မယ်၊ ပြတိုက်လုပ်မယ်ပေါ့လေ။ အဲလိုငှားတဲ့အတွက် အခကြေးငွေတချို့ရတော့ တရားရုံးကို ပြုပြင်ဖို့ စရိတ်စက ရတယ်ပေါ့။ အပေါ်မှာ ဧည့်သည်တွေလာမယ်၊ ပြတိုက်နဲ့ စာကြည့်တိုက်ကြည့်မယ်၊ နောက် အောက်မှာ တရားစီရင်တာတွေ ကြည့်မယ်။ လုံးဝ အနေအထား မပျက်ယွင်းစေရဘူးပေါ့လေ။ ရန်ပုံငွေ ရအောင်လုပ်တာပေါ့၊ တကယ်လို့ ရန်ပုံငွေကို ဒီလို မရှာချင်လို့ ရှေ့နေများကွန်ယက်က တခြားတနည်းနည်းနဲ့ ရှာမယ်ဆိုလည်း သူတို့လက်ခံမယ်၊ မကြိုက်ရင် မလုပ်ဘူးလို့ ပြောပါ တယ်။”

ဆွေးနွေးပွဲမှာ  သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးမြင့်ဆွေ၊ ရန်ကုန်တိုင်းဒေသကြီး မြို့တော်ဝန် ဦးလှမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ဆောက်လုပ်ရေး ၀န်ကြီးနဲ့ ရှေ့နေများကွန်ယက်အဖွဲ့က ဦးကိုနီ၊ ဦးကြည့်မြင့်၊ ဦးစိုးတင့်၊ ဦးမောင်မောင်စိုးနဲ့ ဦးသန်းတင်တို့လည်း ပါဝင်ဆွေးနွေးခဲ့ကြတာပါ။  ၀န်ကြီးတွေက ရန်ကုန်မှာရှိတဲ့ စုပေါင်းရုံကို ဟိုတယ်ဆောက်မယ့် ကိစ္စနဲ့ ပတ်သက်ပြီးရှင်းပြခဲ့တယ်လို့လည်း ဦးကိုနီကပြောပါတယ်။

“ကမ်းနားလမ်းနဲ့ ဘားလမ်းထောင့်မှာရှိတဲ့ ဟိုတုန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တရားရုံးတွေစုစည်းထားတဲ့ ရုံးကြီးပေါ့. အဲရုံးအကြောင်းကိုပြောတော့ ဟိုတယ်လုပ်ငန်းလုပ်ချင်တဲ့ လူပုဂ္ဂိုလ်အဖွဲ့ ၁ ဖွဲ့ကို တင်ဒါခေါ်ပြီး ပွင့်ပွင့်လင်းလင်းပေးထားတယ်ပေါ့။ ပရီမီယံကြေး အမေရိကန်ဒေါ်လာ ၁၄ ဒဿမ ၄ သန်းရတယ်တဲ့၊ လစဉ်ကြေးလည်း ၀င်ငွေရဲ့ ၇ ရာခိုင်နှုန်းရဖို့ရှိတယ်။ ဒါကြောင့် အကျိုးလည်းဖြစ်တယ်ပေါ့လေ။ နောက် ရန်ကုန်တိုင်း အတွင်းမှာ မြို့နယ် ၁ မြို့နယ်ကို ရုံး ၁ ရုံးစီ ဆောက်ပေးဖို့ စီစဉ်ထားတာလည်း ရှိတဲ့အကြောင်း ရှင်းပြပါတယ်။”

ရှေ့နေကွန်ယက်ကတော့ ရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းဖို့နဲ့ တရားရုံးတွေကို ပြတိုက်နဲ့ ဟိုတယ်လုပ်မယ့် ကိစ္စတွေကို မလိုလားတဲ့အကြောင်းလည်း အထူးသဖြင့် တရားလွှတ်တော်ရုံးကို ဟိုတယ်ဆောက်မယ့်ကိစ္စ လက်မခံနိုင်တဲ့အကြောင်း  ပြန်လည် တင်ပြခဲ့တယ်လို့ ရှေ့နေဦးကိုနီက ဆိုပါတယ်။

“ဒီရုံးဟာ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းအဖြစ်လည်း သတ်မှတ်ထားပြီးသားပါ။ အဲလို ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းကို မပြင်ရဘူး၊ သဘာဝဘေးအန္တရယ်တခုခုရှိလို့ ပြင်ရင်တောင် မူလပုံသဏ္ဍာန်နဲ့ မူလလက်ရာကို မပျက်ယွင်းစေရဘူး။ တရားရုံးအဆောက်အအုံကြီးကို တကယ်လို့ ဟိုတယ်လုပ်လိုက်မယ်ဆိုရင် အကုန်လုံးက ပြင်လိုက်ရတော့မယ်၊ မူလလက်ရာ ပျက်သွားတော့မယ်။ တရားခွင်ကြီးတွေက အိပ်ခန်းတွေဖြစ်ကုန်တော့မယ်။ အထဲမှာ အိမ်သာ၊ ရေချိုးခန်းတွေ ၀င်လာတော့မယ်ဆိုရင် ဒါဟာ မူလလက်ရာလုံးဝပျက်သွားမယ်။”

ဒီတင်ပြချက်အပေါ်မှာ ၀န်ကြီး ဦးစိုးသိန်းက တစုံတရာအကြောင်းပြန်ခြင်း မရှိပေမယ့် သူတို့အနေနဲ့ အစိုးရအဖွဲ့နဲ့ ပြန်လည်တိုင်ပင် ဆွေးနွေးမှာဖြစ်တယ်လို့ ပြောပါတယ်။

ရန်ကုန်မှာရှိတဲ့  တရားလွှတ်တော် အဆောက်အအုံအပါအ၀င်  အမျိုးသား ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင် တရားရုံးတွေကို ပုဂ္ဂလိက လုပ်ငန်းရှင်တွေထံကို  လွှဲပြောင်းပေးပြီး  ပြတိုက်နဲ့ ဟိုတယ်တွေ အဖြစ် ပြောင်းလဲမှာကို ရှေ့နေများကွန်ယက် က အောက်တိုဘာ ၁၇ ရက်နေ့က ရန်ကုန်မြို့လည်ခေါင်မှာ စီတန်းလှည့်လည် ကန့်ကွက် ဆန္ဒပြခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013