မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ စစ်တပ်က ဖမ်းဆီးစစ်ဆေးနေသူ ၃ ဦး သေဆုံး
DVB
·
April 26, 2019

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာကနေ တပ်မတော်က ဖမ်းဆီးသွားပြီး စစ်ဆေးနေစဉ်ကာလအတွင်း ၃ ဦး သေဆုံးသွားတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုပြောပါတယ်။
"ထိန်းသိမ်းထားတဲ့ ၂၃ ဦးထဲမှာ ၃ ဦးသေဆုံးသွားတာရှိပါတယ်။ ပထမတဦး နှလုံးရောဂါနဲ့ သေဆုံးတယ်။ ဒုတိယတဦး ကြိုးဆွဲချပြီးသေဆုံး၊ တတိယတဦးကတော့ ဆေးစွဲပြီး စိတ်ဓာတ်ကျပြီး သေဆုံးတာရှိပါတယ်။ ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်တွေပြည်သူ့ ဆေးရုံမှာ ရင်ခွဲစစ်ဆေးပြီးတော့ သက်ဆိုင်ရာ ရဲစခန်းမှာ သေမှုသေခင်းနဲ့ အမှုဖွင့်ထားတယ်”
တပ်မတော်က ဖမ်းဆီးထားစဉ် သေဆုံးသွားတဲ့ ရွာသား ၃ ဦးကတော့ ကိုဇော်မျိုးထွန်း (၂၅) နှစ်၊ ဦးသိန်းထွန်းစိန် (၃၅) နှစ်နဲ့ ဦးမောင်သန်းနု (၄၁) နှစ်တို့ ဖြစ်ကြပါတယ်။
ကျန်သူတွေကိုတော့ ထိမ်းသိမ်းထားပြီး ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြောပါတယ်။
“ကျနော်တို့ ပထမတခေါက်က ၂၃ ဦးဖမ်းဆီးထားတဲ့ အထဲက သေဆုံးသွားတာဖြစ်တယ်။ နောက် ၄ ဦးကတော့ တိမ်ညိုစခန်းမှာ ဖမ်းဆီးထားတာရှိတယ်။ ဖမ်းဆီးမှုနဲ့ ပတ်သက်ရင်တော့ လုပ်ထုံးလုပ်နည်းအရဆိုရင် ရဲလက်ထဲအပ်ရမှာဖြစ်တယ်။ ကျနော်တို့ စစ်ဆေးလို့ စစ်ဆေးဖော်ထုတ်နိုင်တာတွေရှိနေလို့လုပ်ထုံးလုပ်နည်းအရဆက်လက်စစ်ဆေးနေတာဖြစ်တယ်။ စစ်ဆေးဖော်ထုတ်နိုင်သူ ဘယ်နှစ်ဦးကို တရားစွဲဆိုမလဲဆိုတာတော့ မသိရသေးပါဘူး”
သေဆုံးသွားသူတွေနဲ့ ပတ်သက်ပြီး မိသားစုကို တရားဝင် အသိပေး အကြောင်း ကြားလာတာ မရှိသေးသလို ဖမ်းဆီးခံရသူတွေကိုလည်း မိသားစုဝင်တွေနဲ့ တွေ့ဆုံခွင့်မပေးသေးပါဘူး။
ဒီကိစ္စနဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရခိုင်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ ချိန်းဆိုထားတယ်လို့ မြောက်ဦးပြည်နယ် လွှတ်တော်အမတ် ဦးထွန်းသာစိန်က ဒီဗွီဘီ ကို ပြောပါတယ်။
"ဖမ်းဆီးသွားတဲ့သူ ၂၇ ဦးကို မိသားစုဝင်တွေ တဦးမှ တွေ့ခွင့်မရသေးဘူး။ သေဆုံးတာကိုလည်း ဘယ်သူဆီကိုမှ တရားဝင်အသိပေးတာမရှိဘူး။ ဒီနေ့ နယ်လုံကို မေးတော့ ဟုတ်မှန်ကြောင်းသူပြောမှ သိရတာ။ မြောက်ဦးမှ သေဆုံးသွားသူ၊ ပျောက်ဆုံးသွားသူ၊ ဖမ်းဆီးသွားသူ မိသားစုဝင်တွေနဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့ ဧပြီ ၂၆ ရက် မနက် ၈ နာရီမှာ တွေ့ဆုံဖို့ ချိန်းဆိုထားတယ်။ တွေ့ဆုံပြီးမှ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဘာတွေပြောမလဲဆိုတာသိရမယ်။ စစ်ကြောရေးလုပ်တဲ့ အခါ ရက် ၉၀ ထိကျော်ပြီးတော့ ဖမ်းဆီးလို့တော့မရဘူး " လို့ လွှတ်တော်အမတ် ဦးထွန်းသာစိန်က ပြောပါတယ်။
ဧပြီ ၁၀ ရက်က မြောက်ဦးမြို့ ရဲတပ်ရင်း ၃၁ ကို ၀င်ရောက်တိုက်ခိုက်ထွက်ပြေးသွားတဲ့ အေအေအဖွဲ့ကို တပ်မတော်စစ်ကြောင်းတွေက လိုက်လံရှင်းလင်းစဉ် ရန်ကုန်-စစ်တွေ ကားလမ်းပေါ်ရှိ လက္ကာကျေးရွာအနီးမှာ အရပ်ဝတ် အေအေတပ်ဖွဲ့ဝင်တွေနဲ့ ၂ နာရီ ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ အေအေတပ်ဖွဲ့ဝင် တချို့က လက္ကာရွာထဲကို ၀င်ပြေးသွားလို့ လိုက်လံရှင်းလင်းရာမှာရွာခံမဟုတ်တဲ့ မသင်္ကာဖွယ်ရွာသား ၂၃ ဦးကို ဖမ်းဆီးရမိခဲ့တဲ့ အကြောင်းနဲ့ စစ်ဆေးခဲ့ရာမှာ အေအေက သာထွန်းစံခေါင်းဆောင်တဲ့အဖွဲ့က လူတွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ထားခဲ့ပါတယ်။
ရက္ခိုင့်တပ်မတော် (အေအေ)အဖွဲ့ သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခကတော့ မြောက်ဦးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အေအေတပ်ဖွဲ့ဝင်တွေ ပျောက်ဆုံးတာ မရှိဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။
လက်ရှိဖမ်းဆီးခံထားရတဲ့ ရွာသား ၂၇ ဦး ကတော့ လက္ကာရွာသား ၁၉ ဦးနဲ့ အနီးဝန်းကျင် ကျေးရွာတွေက ၇ ဦးနဲ့ ပလက်ဝဒေသကနေ လာရောက်သူ ၁ဦး ဖြစ်ပါတယ်။
မြောက်ဦးမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင် ၇ ဦး ဖမ်းဆီးခံခဲ့ရကာ ဧပြီလ ၁၁ ရက် ညနေပိုင်းမှာ အေအေက ပြန်လွှတ်ပေးခဲ့ပါတယ်။