ရေစကြို ကမ်းပါးပြိုကျမှုကြောင့် ရွာသားတွေ နေစရာ အခက်ကြုံ
DVB
·
October 28, 2012
မကွေးတိုင်း ရေစကြိုမြို့နယ် ရှစ်အိမ်တန်းကျေးရွာမှာ ကမ်းပါးပြိုလို့ နေစရာနေရာ အခက် အခဲတွေ့ နေတဲ့ ရွာသားတွေက သင့်တင့်လျောက်ပတ်တဲ့ နေရာတွေ ပြန်ချပေးဖို့ အာဏာပိုင်တွေ ကို တောင်းဆိုလိုက်ပါတယ်။
ရေစကြိုမြို့နယ်ထဲမှာ ၁၉၉၇ ကတည်းက စတင်ပြီး အခုချိန်အထိ ကမ်းပါးတွေ ထပ်ပြိုနေဆဲ ဖြစ်တဲ့ အတွက် အိမ်ခြေ ၉၄ အိမ်နဲ့ အိမ်ထောင်စု ၁၁၃ စုဟာ အကြိမ်ကြိမ် ပြောင်းရွှေ့ခဲ့ပြီး နေရာ ထိုင်ခင်းကို ကိုယ်နည်းကိုယ်ဟန်နဲ့ ဖြစ်သလို နေထိုင်ခဲ့ရာက အာဏာပိုင်တွေထံကို နေရာ ထိုင်ခင်း တောင်းဆိုခဲ့တာပါ။
အာဏာပိုင်တွေက နေရာတခု သတ်မှတ်ပေးခဲ့ပေမယ့် လက်တွေ့မှာတော့ မူလက သဘောတူထားတဲ့ နေရာမှာ မဟုတ်ဘဲ ကျေးရွာတည်ဖို့ အဆင်မပြေတဲ့ ရွှံ့တွေဗွက်တွေ ရှိတဲ့နေရာကို ပြောင်းရွှေ့သတ်မှတ်ပေးထားတယ်လို့ ရွာသားတဦးဖြစ်တဲ့ ကိုဇော်ဌေးက ပြောပါတယ်။
“သမ လယ်ယာကွင်းအမှတ် ၁သုံးလုံး ရေမြောင်းရဲ့ တောင်ဘက်ကို တောင်းတာ ဒါက လက်ညှိုးထိုးတောင်းတာမဟုတ်ပါဘူး။ ၆ လပိုင်းကစတင်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးက ဒါ အုပ်စုပိုင် သမလယ်ယာမြေရှိတယ်၊ ဒီနေရာဆို မသင့်တော်ဘူးပေါ့။ ကျနော်တို့က အဆင်ပြေတယ်ပေါ့။ ပြဿနာက နေရာမရှိတော့ ဒီမှာဖြစ်သလို တချို့ ရွှံ့ဗွက်တွေ၊ တချို့လမ်းတွေပေါ်မှာ နေကြရတာပေါ့။”
အခုတော့ ကမ်းပါးပြိုမှုကြောင့် နေစရာအခက်အခဲတွေ့နေတဲ့ အိမ်ထောင်စုတွေအနေနဲ့ စည်းဝေးတိုင်ပင်ပြီး ဘေးကင်းလုံခြုံတဲ့နေရာပေးဖို့ အာဏာပိုင်တွေကိုတောင်းဆိုသွားမယ်လို့ ရွာသား တွေကပြောပါတယ်။