DVB Logo
Home
မြန်မာသတင်း
ကေအန်ယူကထုတ်ပယ်ထားတဲ့ခေါင်းဆောင်တွေကို မူလတာဝန်ပြန်လည်အပ်နှင်း
DVB
·
October 27, 2012
ကေအန်ယူကထုတ်ပယ်ထားတဲ့ခေါင်းဆောင်တွေကို မူလတာဝန်ပြန်လည်အပ်နှင်း
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကရင်တမျိုးသားလုံးအကျိုး၊ အဖွဲ့ရဲ့ဂုဏ်သိက္ခာနဲ့ စည်းလုံးညီညွတ်မှုအတွက်ရည်ရွယ်ပြီး  ထုတ်ပယ်ထားတဲ့ စစ်ဦးစီးချုပ်နဲ့  ထိပ်တန်း ခေါင်းဆောင်တွေကို မူလတာဝန်များ ပြန်လည်အပ်နှင်းလိုက်တယ် လို့ ကေအန်ယူက ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက်ကနေ ၂၆ ရက်နေ့အတွင်း ပြုလုပ်တဲ့ ကေအန်ယူ ဗဟိုအမြဲတမ်း ကော်မတီ အထူး အစည်းအဝေးမှာ ထုတ်ပယ်ထားတဲ့   စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားတဲ့ ဗဟိုတရားရေးဌာနတာဝန်ခံ  ပဒိုစော ဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေး ဌာန တာဝန်ခံ ဗိုလ်မှူးရောဂျာခင်တို့ကို မူလတာဝန်ပြန် အပ်နှင်းလိုက်တာလို့ ကေအန်ယူဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ထုတ်ပယ်ခြင်းခံရတဲ့ ခေါင်းဆောင် ၃ ဦးကိစ္စကို ကျေကျေညက်ညက် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်။ အမျိုးသားစည်းလုံးညီညွတ်မှု၊ အဖွဲ့အစည်း အကျိုး စီးပွားနဲ့ တမျိုးသားလုံးရဲ့ လိုအင်ဆန္ဒတွေကို ရှေးရှုပြီးတော့ အားနည်းချက်တွေကို သင်ပုန်းချေခဲ့ကြပြီးနောက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုအလုပ်အမှုဆောင် ဗိုလ်မှူးကြီး စောရောဂျာခင်၊ ဗဟိုအလုပ်အမှုဆောင် ဆရာ ဒေးဗစ်ထောတို့ကို မူလအတိုင်း ပြန်လည်ခန့်အပ်ခဲ့ပါတယ်။”

ကွယ်လွန်သွားပြီဖြစ်တဲ့ ပဒိုစောဒေးဗစ်ထောအတွက် သူဟာ နောက်ဆုံး အကြိမ်အထိ အမျိုးသားအတွက် တာဝန်ထမ်းဆောင်သွားကြောင်းကို ဂုဏ်ပြုမှတ်တမ်းတင်ခဲ့ကြပါတယ်။

အခုလက်ရှိ ကေအန်ယူအဖွဲ့တွင်းပြဿနာကို ဖြေရှင်းနိုင်ပြီဖြစ်တဲ့အတွက် အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ပြီး ဖွင့်လှစ်ထားပြီးတဲ့ ဘားအံမြို့က ဆက်ဆံရေးရုံးကို အသိအမှတ်ပြုသွားမှာဖြစ်တယ်လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားစည်းလုံးညီညွတ်ရေး၊ ကရင်အမျိုးသားတွေရဲ့ အခွင့်အရေးရသည်အထိ ငြိမ်းငြိမ်းချမ်းချမ်းရဲ့ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးစားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖြေရှင်းဖို့ ဆုံးဖြတ်ထားပါတယ်။ ဘယ်လိုအခက်အခဲ အဟန့်အတားဖြစ်ပါစေ ဆောင်ရွက်သွားဖို့ သဘောထားရှိပါတယ်။”

ဗဟိုရဲ့ ခွင့်ပြုချက်မပါဘဲ ကရင်ပြည်နယ် ဘားအံမြို့မှာ  ကေအန်ယူ ဆက်ဆံရေးရုံး သွားရောက် ဖွင့်လှစ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး   ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးနဲ့ ၃ ဦးကို  ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းက တာဝန်များမှ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုထုတ်ပယ်ခဲ့ပြီး နောက် အဖွဲ့အတွင်း သဘောထား တင်းမာမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။

ဗဟိုကော်မတီ အထူးအစည်းအဝေးကို ကေအန်ယူထိန်းချုပ်ရာ ဘားအံခရိုင် လေးဝါးတပ် စခန်းမှာ ပြုလုပ်တာဖြစ်ပြီ ထုတ်ပယ်ခံခဲ့ရသူတွေ အပါအ၀င် ဗဟိုအမြဲတမ်းကော်မတီဝင် ၃၀ ဦး၊  အရန်ဗဟို ကော်မတီဝင် ၁၀ ဦး တက်ရောက်ခဲ့ကြပါတယ်။

လာမယ့် နိုဝင်ဘာလ စတုတ္ထအပတ်လောက်မှာ ကေအန်ယူ အမြဲတမ်းဗဟိုကော်မတီ ပုံမှန် အစည်းအဝေးကျင်းပဖို့ အစီစဉ်ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013