ဇလွန်မြို့အ၀င် ကားတိုက်မှုကြောင့် ၁၀ ဦးသေ ၉ ဦးဒဏ်ရာရ
နော်နိုရင်း
·
October 27, 2012
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့အ၀င်မှာ ဟင်္သာတဘက်ကထွက်လာတဲ့ မိဘမေတ္တာ မှန်လုံ အမြန်ယာဉ်နဲ့ ဘုရားဖူးယာဉ်တစီးတို့ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွားခဲ့တာကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့ ကပြောပါတယ်။
ဇလွန်မြို့အ၀င် ကျုံခမော်ကျေးရွာနားမှာ အောက်တိုဘာလ ၂၇ ရက် နေ့မွန်းတည့်ချိန် လောက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၆ ဦး သေဆုံး သွားတဲ့ အကြောင်းနဲ့  သေဆုံးသူတွေထဲမှာ ကလေးငယ် ၂ ဦး ပါဝင်တယ်လို့ ဇလွန်ရဲစခန်းက တာဝန်ကျရဲတပ်ဖွဲ့ ဝင် တဦးက ပြောပါတယ်။
“ဇလွန်ဆေးရုံကြီးမှာ ၆ ယောက်၊ ဟသာင်္တဆေးရုံကြီးကိုလဲ ၃ ယောက် လွှဲထားပါသေးတယ်။ ကျား ၄၊ မ ၆ ပါ။ ယောက်ျားလေးထဲမှာ ကလေး ၂ ယောက်ပါပါတယ်။”
ဇလွန်ဆေးရုံမှာတော့ သေဆုံးသူအပါအ၀င် ၁၉ ဦးရောက်ရှိပြီး ဒဏ်ရာပြင်းထန်သူ တချို့ကိုတော့ ဟင်္သာတဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဇလွန်ဆေးရုံအုပ်က ပြောပါတယ်။
“စုစုပေါင်း ၁၉ ယောက်မှာ ၁၀ ယောက်သေတယ်။ ၉ ယောက် ဒဏ်ရာရတယ် ၉ ယောက်မှာ ၆ ယောက် ဒဏ်ရာပြင်းလို့ ဟသာင်္တဆေးရုံကိုလွှဲတယ်။”
ထိခိုက်သေဆုံးမှုရှိတဲ့ ဘုရားဖူးယာဉ်ဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းနဲ့ တောင်ဒဂုံက ဘုရားဖူးတွေဖြစ်တယ်လို့ သိရပါတယ်။ မှန်လုံယာဉ်ပေါ်မှာတော့ စပယ်ယာ တဦး ထိခိုက်တာ ကလွဲလို့ တခြားခရီးသည် ထိခိုက်သေဆုံးတာမရှိဘူးလို့ ဇလွန်ရဲစခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
Read more