အမျိုးသား ဒီမိုကရေစီ ပါတီဝင် ၁၃၀ နုတ်ထွက်
DVB
·
October 28, 2012
ပါတီတွင်း မကျေနပ်မှုများကြောင့် ပုသိမ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီဝင် ၁၃၀ ကျော် အောက်တိုဘာ ၂၇ ရက်နေ့ စနေနေ့ က နုတ်ထွက်သွားပါတယ်။
ပါတီထဲကို အခွင့်အရေးမျှော်ကိုးပြီးဝင်လာတဲ့ အစိုးရနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်များနဲ့ ပါတီဗဟိုနဲ့နီးစပ်တဲ့သူတွေက အနစ်နာခံ လုပ်ကိုင်လာသူတွေကို နေရာမပေးတဲ့အတွက် နုတ်ထွက်ရတာလို့  ပါတီကနုတ်ထွက်ခဲ့တဲ့ ဒေါက်တာ သန်းထိုက်က ပြောပါတယ်။
“ဗဟိုက တချို့လူကြီးတွေက အောက်က တင်တာကို မသိတာတွေရှိတော့ ဒါတွေကို သိစေချင်တဲ့ မက်ဆေ့ခ်ျလဲ ပါပါတယ်။ အထက်လူကြီးတွေက တချို့က အနားက လူတွေပြောတာတွေကိုပဲ လိုက်လုပ်နေမယ်ဆိုရင် ဒီလို မညီညွတ်တာတွေ၊ ကွဲပြားမှုတွေဖြစ်ပြီးတော့ ပါတီ ၂ ခြမ်းကွဲမယ့် ကိစ္စတွေဖြစ်လာနိုင်တယ်ဆိုတာကို အဓိက ပြောလိုပါတယ်။”
ဒီလို နှစ်ပေါင်းများစွာ တွဲလုပ်လာတဲ့ အဖွဲ့ဝင်တွေထွက်သွားတာကို စိတ်မကောင်းဘူး လို့ မြို့နယ်ညီလာခံ ကျင်းပရေး ကော်မရှင် အဖွဲ့ဝင် ဦးအောင်တင်ဦးက ပြောပါတယ်။
ပုသိမ်မြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စား အရွေးချယ်ခံ ပြည်သူ့ လွှတ်တော် အမတ် ဦးဝင်းမြင့်ကတော့ နုတ်ထွက်သူတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အခုလို ပြောပါတယ်။
“ကျနော်တို့က ခေါင်းဆောင်ကိုယ်တိုင်လည်း ရေဘေးကယ်ဆယ်ရေးသွားရင်းနဲ့ ရှင်းပြပြီးပြီ။ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးလည်း ရှင်းပြပြီးပြီ။ ရှင်းပြတဲ့ကြားက လက်မခံဘူးဆိုတော့လည်း စဉ်းစားကြည့်ပါ။”
နုတ်ထွက်သွားသူတွေဟာ ပုသိမ်မြို့ စကားဝါလမ်းမှာ စနေနေ့ မနက်က ပါလီအလံကို အလေးပြု ရုပ်သိမ်းခဲ့ပြီးတော့ ဆိုင်းဘုတ်တွေကို ပိတ်အဖြူနဲ့ ကာလိုက်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပါတယ်။
ပါတီဝင်ကတ်ပြားတွေကို သိမ်းဆည်းထားပြီးတော့ ဗဟိုက ပြန်တောင်းရင်တော့ ပြန်ပေးမှာဖြစ် သလို ရုံးက ပါတီဝင်အင်အားစာရင်းနဲ့ စာရွက်စာတမ်းတွေကို လွှဲပေးခဲ့ပြီလို့ ဒေါက်တာ သန်းထိုက်ကပြောပါတယ်။ နုတ်ထွက်သွားသူများအနေနဲ့ အမျိုးသားဒီမိုကရေစီ ကွန်ယက် အဖြစ် ရပ်တည်သွားဖို့ အစီအစဉ်ရှိနေပါတယ်။