DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်ပဋိပက္ခ လူ ၁၀၀ ကျော် သေဆုံး
DVB
·
October 26, 2012
Donate to DVB

ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့မှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား မီးရှို့တိုက်ခိုက်မှုတွေ ဆက်လက်ပျံ့နှံ့နေပြီး ခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအတွင်း သေဆုံးသူ ၁၀၀ ကျော်သွားပြီလို့ ပြည်နယ်အစိုးရ ပြန်ကြားရေး အဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း တကျော့ပြန်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေအတွင်း သေဆုံးသူ စုစုပေါင်း ၁၁၂ဦး၊ ဒဏ်ရာ ရ ရှိသူပေါင်း ၇၂ဦးနဲ့ လူနေအိမ်ခြေပေါင်း ၂၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်နယ်သတင်း ထုတ်ပြန်ရေးအဖွဲ့ဝင် ဦးဝင်းမြိုင်က ပြောပါတယ်။

“နောက်ဆုံး မြို့နယ်အုပ်ချုပ်ရေးမှူးတွေဆီက တက်လာတဲ့ စာရင်းတွေအရ ရသေ့တောင်၊ ကျောက်တော်အပါအ၀င် မြို့နယ် ၆ မြို့နယ် သေဆုံးသူ အမျိုးသား ၅၁ ဦး။ အမျိုးသမီးက ၆၁ ဦး။ ဒဏ်ရာရတာက အမျိုးသားက ၆၈၊ မိန်းမက ၄။ မီးလောင်တာ အိမ်ခြေပေါင်းက ၂၃၀၀ ကျော်ပေါ့။”

ကျောက်တော်၊ ရသေ့တောင်၊ ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးစတဲ့ မြို့နယ် ၆ ခု  က တက်လာတဲ့ စာရင်းဇယားတွေကို ကိုးကားပြီး အခုလို သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့မှာ  ဒီနေ့မွန်းလွဲပိုင်းကစပြီး လူနေအိမ်ခြေတွေ မီးရှို့ဖျက်ဆီးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့ခံ ဦးကျော်လွင်က ပြောပါတယ်။

“အိမ်တော်တော်များများကလည်း သူတို့ဟာ သူတို့ မီးနဲ့တိုက်လို့ လောင်သွားပါပြီ။ တမြို့လုံးလည်း ပြားပန်းခတ်ပါပဲ။ နယ်ကလည်း လူတွေဆင်းလာပါပြီ။ ကိုယ့်ရပ်ကွက်ကို မီးမလောင်အောင် ကာကွယ်နေကြပါတယ်။ မီးအညွန့်မကူးအောင် အိမ်တွေကို ဖျက်နေကြပါတယ်။ အတိအကျတော့ ပြောမရဘူး၊ အိမ်ကကြည့်တာတော့ မီးတွေက တဟုန်ထိုးတက်နေတာပဲ။”

ရမ်းဗြဲမြို့က မီးလောင်နေတဲ့ ရပ်ကွက်ကို စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ၀ိုင်း ထားတယ်လို့လည်း ဆိုပါတယ်။

ကျောက်တော်မြို့မှာတော့ စစ်တပ်က လုံခြုံရေးအင်တားတိုးမြှင့်ချထားပြီး ဒီနေ့ တည်တည်ငြိမ်ငြိမ်ရှိနေတဲ့အကြောင်းနဲ့ မနေ့က ပစ်ခတ်မှုတွေမှာ အနည်းဆုံး ရခိုင်တိုင်းရင်းသား ၆ ဦး သေဆုံးပြီး လူ ၁၀ ဦးလောက် ဆေးရုံမှာ ဒဏ်ရာနဲ့ ဆေးကုသမှု ခံယူနေရတယ်လို့  မြို့ခံ အစိုးရ၀န်ထမ်းတဦးက ပြောပါတယ်။

“အနေအထားကတော့ နည်းနည်းတည်ငြိမ်သွားပါပြီ။ မနေ့က စစ်တပ်ကလည်း လုံခြုံရေးတွေ တအား တိုးမြှင့်လိုက်ပြီးတော့ ပစ်ခတ်ထားတော့ ပြည်သူလူထုက ဘယ်လိုမှမဖြစ်တော့ဘူးလေ။ ပြည်သူလူထုက အပြင်မထွက်ရဲဘူး။”

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေဟာ  တကယ့်ကို စိုးရိမ် ဒုက္ခရောက်စရာ အခြေအနေဖြစ်ပြီးတော့ ထိန်းချုပ်နိုင်ဖို့အတွက် အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့  ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းလိုက်ပြီး ဗြိတိန်နိုင်ငံကလည်း အကြမ်းဖက်မှုတွေ အမြန်ဆုံးရပ်ဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013