Home
မေးမြန်းခန်း
ဖက်ဒရယ်ကို အစိုးရက အရင်လို ခါးခါးသီးသီးမပြောတော့ဘူး-ခွန်ထွန်းဦး
ပီတာအောင်
·
October 26, 2012
၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရစီအဖွဲ့ချုပ်ပြီးရင် ဒုတိယအမတ်နေရာ အများဆုံးရခဲ့တဲ့  ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (အက်စ်အန်အယ်လ်ဒီ) တည်ထောင်ခဲ့တာ ဒီကနေ့ဆိုရင် နှစ်ပေါင်း ၂၄ နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကာလ ပါတီတည်ထောင်စဉ်က ရည်မှန်းထားတဲ့  ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းရေး၊ တန်းတူညီမျှရေးနဲ့  ဒီမိုကရေစီ နိုင်ငံရေး ရည်မှန်းချက်တွေဟာ ဒီကနေ့ အချိန်မှာ ဘယ်လောက်ထိ ရနေပြီလဲ၊ လက်ရှိမြန်မာနို်င်ငံရဲ့ နိုင်ငံရေးနဲ့ တိုင်းရင်းသားပြဿနာတွေအပေါ် အက်စ်အန်အယ်လ်ဒီ ခေါင်းဆောင် ဦးခွန်ထွန်းဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။ ပါတီစထောင်ကတည်းက ရည်မှန်းထားတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ရရေးဟာ ဘယ်လောက်တောင် နီးစပ်နေပြီလို့ ပြောလို့ရမလဲ။ “၂၄ နှစ်လုံးလုံး တောင်းဆိုခဲ့တာတွေ၊ တိုက်ပွဲဝင်ခဲ့တာတွေ၊ အောင်မြင်သလောက်ဖြစ်နေပါပြီ။ ၁ အချက်က ၀န်ကြီး ဦးအောင်မင်းပြောတယ်၊ ဖက်ဒရယ်စနစ်က ခွဲထွက်စနစ် မဟုတ်ဘူး၊ ပြည်နယ်အချင်းချင်း စုစည်းတဲ့စနစ်ဆိုတာ ဂျာနယ်တိုင်းမှာပါနေပြီ။ ဒါကျနော်တို့ရဲ့ ဦးဆောင်ကြိုးပမ်းမှု၊ မူဝါဒပေါ့။ နောက် တိုင်းရင်းသားအသီးသီးကလည်း ဖက်ဒရယ်တင်ပြနေတာ ကျနော်တို့ကလည်း ဒါ တစိုက်မတ်မတ် အော်ပေးနေတော့ အစိုးရကလည်း ဖက်ဒရယ်ကိစ္စလွှတ်တော်မှာ သူတို့အချင်းချင်း၊ တိုင်းရင်းသားပါတီ၊ ၁၀ ပါတီသဘောမျိုးနဲ့ လွှတ်တော်ပြင်ပ သမ္မတရုံးမှာ ဆွေးနွေးတယ်။ မကြာခင် လွှတ်တော်ထဲ ၀င်လာတော့မယ်။ ဆိုလိုတာက ဖက်ဒရယ်ကိုတော့ အစိုးရက အရင်လို ခါးခါးသီးသီးမပြောတော့ဘူး။ လက်ခံဆွေးနွေးမယ်ဆိုတော့ မည်ကဲ့သို့သော ဖက်ဒရယ်ပုံစံနဲ့ သွားမယ်ဆိုတာလည်း မကြာခင်ဖြစ်လာလိမ့်မယ်လို့ ထင်တယ်။” ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း အပစ်အခတ်ရပ်စဲရေးဟာ ငြိမ်းချမ်းရေးရဲ့ တံခါးဝဖြစ်တယ်လို့ဆိုထားတယ်။ တံခါးဝကနေ ရှေ့မတိုးဘဲ တိုက်ပွဲတွေပြန်ဖြစ်နေ တယ်၊ နောက်ပြန်ရောက်နေတဲ့အချိန်မှာ ငြိမ်းချမ်းရေးလုပ်ဖို့၊ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ရော ဘာအဓိကထားပြီး အဆောတလျင်လုပ်ရမယ်လို့ ထင်ပါလဲ။ “ဒါလည်း ပြဿနာ။ အခုက လုံးလည်လိုက်နေပြီ။ အမှန်တော့ ငြိမ်းချမ်းရေးတခုပဲ ဦးတည်တာ။ အခုက ယုံကြည်မှုတည်ဆောက်မှာ အရင်လား။ ကေအိုင်အေပြောနေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနဲ့ ရှင်းကြမလားဆိုတာတော့ လုံးလည်လိုက်နေပြီ။ ဆိုလိုတာက အစတုန်းက ငြိမ်းချမ်းရေးကိစ္စပဲ ဆွေးနွေးတာ။ အခုက ကြာလာတော့ ယုံကြည်မှုနည်းနည်းလာပြီး တယောက် တယောက်က မယုံကြည်တဲ့အထိဖြစ်လာပြီ။ ယုံကြည်မှုအရင် တည်ဆောက်မလား၊ ငြိမ်းချမ်းရေး အရင်စကားပြောမလား ဆိုတဲ့ ပြဿနာက ဖြစ်နေပြီ။ နိုင်ငံရေးပြဿနာကလည်း ဖြစ်လာပြီဆိုတော့ ဒီ သုံးပွင့်ဆိုင် ဘာရှင်းမရလဲဆိုတာတောင် မသိဖြစ်နေပြီ။” နိုင်ငံတနိုင်ငံမှာ ပုံမှန်အားဖြင့် တပ်မတော်က ၁ ခုပဲရှိတယ်။ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းမယ်ဆိုရင် တပ်မတော်ကရော ဖက်ဒရယ်တပ်မတော်တည်ထောင်ဖို့ လိုအပ်မယ်ထင်ပါလား။ အဲလို တပ်တခုတည်း ဖြစ်လာမယ်ဆိုရင် ရှမ်းအပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရဲ့ အနာဂတ်က ဘာဖြစ်လာနိုင်မလဲ။ “ဖက်ဒရယ်တပ်မတော်ကတော့ ကိုယ့်တိုင်းရင်းသား ကိုယ့်လက်ထဲကိုင်ထားမယ့် အနေအထားမျိုး ဖြစ်နေတယ်။ ဖက်ဒရယ်နိုင်ငံမှာ ဖက်ဒရယ်တပ်မတော်တော့ ထားရမယ်။ ဒါပေမယ့် လုံခြုံစိတ်ချရတဲ့ တပ်မတော်ရှိလာပြီဆိုရင်တော့ တပ်မတော်တခုတည်း ဖြစ်လာပြီပေါ့။ ယေဘုယျအားဖြင့် ဖက်ဒရယ်တပ်မတော်ကတော့ ရှင်းရှင်းပြောရရင် ယုံကြည်မှု မတည်ဆောက်နိုင်သေးတဲ့အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်လေးတွေထားမှာပဲ၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ်ပေါ့လေ။ သူတို့အနာဂတ်အတွက်တော့ ရဲရဲရင့်ရင့် ဆွေးနွေးရမှာပေါ့။ ဘာလို့လဲဆို အန်အယ်လ်ဒီက မဲရပေမယ့် လက်နက်မရှိတဲ့အတွက် ဘေးဖယ်ထားခြင်းခံရတာပဲ။ လက်နက်ကိုင်တဲ့လူမှ နိုင်ငံတော်အစိုးရ အဆက်ဆက်က အသိအမှတ်ပြုတဲ့မူကို ကိုင်ထားတာ။ ဒါ ဒီမူကိုင်ထားတာ၊ သူတို့အသိအမှတ်ပြုတဲ့ မူကို ကိုင်ထားတာကို။” အန်အယ်ဒီနဲ့ နှစ်ပေါင်း ၂၀ လုံးမှာ အက်စ်အန်အယ်လ်ဒီက အတူရပ်တည်ခဲ့တာ တွေ့ရပါတယ်။ အနာဂတ်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်တို့ ဘယ်လိုပုံစံနဲ့ ဆက်ရှိနေဦးမလဲ။ ခုရက်ပိုင်း၊ လပိုင်းတွေမှာတော့ ဆက်နွှယ် ပတ်သက်မှုတွေက အရင်ကလောက်မရှိတော့ဘူးလို့ ပြောရင် မှန်မလား။ “ဒေါ်စုအနေနဲ့လည်း မူပြောင်းမယ်လို့ မထင်ပါဘူး။ လုပ်နည်းလုပ်ဟန်ပဲ ပြောင်းမှာပါ။ ဒါကို စောင့်ကြည့်နေပါတယ်။ သူ့အနေနဲ့လည်း ကျနော်တို့ သူ့နားကနေ မားမားမတ်မတ်တယ်၊ နောက်ပြီး သူနဲ့အတူ သစ္စာရှိရှိ ရပ်တည်ခဲ့တာပဲ။ ကျနော်တို့ကို ပစ်ပစ်ခါခါ လုပ်မယ်လို့တော့ မထင်ဘူး။ အခုအရေးကြီးတဲ့အချိန်ပဲ။ တိုင်းရင်းသားတွေလည်း အရေးကြီးတဲ့အချိန်၊ သူလည်း အရေးကြီးတဲ့အချိန်ပဲ။ ကျနော်ထင်တယ်။ ကျနော်တို့ သူ့ကို ပံ့ပိုးခဲ့တာတွေကိုတော့ မေ့ပျောက်မယ်လို့တော့ မထင်ဘူး။ သူပေးထားတဲ့ ကတိတွေလည်း ရှိပါတယ်။ ဆက်ဆံမှုသာ ကျဲရင်ကျဲသွားမယ်၊ တယောက်နဲ့တယောက်ကတော့ သစ္စာစောင့်ကြပါတယ်။ ကျနော်တို့နဲ့ ခြားနားသွားပြီလို့ လုံးဝမသတ်မှတ်ပါဘူး။” ၂၀၁၅ ရွေးကောက်ပွဲအတွက် အက်စ်အန်အယ်လ်ဒီအနေနဲ့ ဘာတွေ ပြင်ဆင်နေပြီလဲ။ တကယ်လို့ ၀င်ပြိုင်မယ်ဆိုရင် ၁၉၉၀ ရွေးကောက်ပွဲမှာလို ရလဒ်ကောင်းတွေ ရမယ်လို့ ထင်ပါသလား။ “ဘာမှ ပြောလို့မရသေးဘူး။ ဘာလို့လဲဆိုတော့ ရွေးကောက်ပွဲစနစ်က PR (အချိုးကျကိုယ်စားပြုစနစ်) စနစ်နဲ့ သွားမလား၊ ဘယ်စနစ်နဲ့ လာမယ်ဆိုတာ မသိသေးဘူး။ PR စနစ်ကိုလည်း ပြောနေကြတယ်။ ကျနော်ကတော့ အဲဒီစနစ်ကို သိပ်သဘောမကျဘူး။ ဒါပေမယ့် လေ့လာရမယ်။ အဲတော့ ရွေးကောက်ပွဲစနစ် မသိသေးတဲ့အတွက် ကြိုတင်ပြောလို့ မရသေးဘူး။ ဘယ်လိုစနစ်ပဲဖြစ်ဖြစ်ပေါ့ စနစ်က ပြောင်းချင်ပြောင်းမယ်။ မပြောင်းချင်လည်း မပြောင်းဘူးပေါ့။ အနည်းဆုံးတော့ ကြားဖြတ်ရွေးကောက်ပွဲ ကချင်ပြည်နယ်မှာရှိဦးမယ်လေ။ ၂၀၁၅ မတိုင်ခင်မှာ ရှိဦးမယ်။ နောက်ပါတီက မှတ်ပုံတင်ပြီးပြီဆိုတော့ ၀င်ဖို့အခြေအနေ ဘယ်လိုရှိဦးမလဲ။ “မရှိဘူး။ ကချင်ပြည်မှာလည်း ကျနော်တို့က ၀င်စရာ သိပ်အကြောင်းမရှိတော့ဘူး။” အက်စ်အန်အယ်လ်ဒီရဲ့ ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆက်ပြီးထောက်ခံသွားမယ်။ ဒါပေမယ့် လူတစုလက်ဝါးကြီးအုပ် ဆောင်ရွက်နေမှုကို ဆန့်ကျင်တိုက်ဖျက်သွားမယ်ဆိုတော့ ဘယ်လို ဆန့်ကျင်တိုက်ဖျက်သွားမှာလဲ ဆိုတာ ပြောပြပေးပါ။ “နှစ်ပေါင်း ၁၀၀ ရှိလာတဲ့ တိုင်းရင်းသားလူမျိုးတွေ ပျောက်ပျက်သွားမှာမျိုး လက်မခံဘူးလေ။ ကျနော်တို့က လုံးဝဆန့်ကျင်ကန့်ကွက်သွားမှာပဲ။  ဒါက မူပဲလေ။ ရှင်းရှင်းပြောရရင် တိုင်းရင်းသားလူမျိုးတွေရဲ့ အမည်နာမကို ဖျောက်ပြီးတော့ ဗမာလူမျိုးပဲ ဖျောက်ပါဦး၊ ဧရာဝတီလူမျိုး သွားပြောမလား။ ဧရာဝတီပြည်ထောင်စု ပြောမလား။ ဗမာကရော လက်ခံမလား။ ဒါက ပြောရရင် တော်တော်လေးကို မဆီလျော်အပ်တာပဲ။ တိုင်းပြည်က တန်းတူညီတူဆက်ဆံရင် စစ်မှန်တဲ့ပြည်ထောင်စုဆိုတာ တည်ဆောက်နိုင်တာပဲ။ တန်းတူညီတူမဆက်ဆံဘဲနဲ့ ငါအကြီး ငါအနိုင်။ မင်းအငယ်၊ မင်းအရှုံးဆိုတာတော့ မရဘူးလေ။ ကြီးနိုင်ငယ်ညှဉ်းဆက်ဆံလို့မရဘူး။ တန်းတူညီတူဆက်ဆံမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိမယ်၊ လုပ်ပိုင်ခွင့်တွေ ရှိမယ်ဆိုရင် ဘယ်တိုင်းရင်းသားမှ ခွဲထွက်မှာမဟုတ်ဘူ။ ကျနော်တို့လိုချင်တာက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုနဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ ပြည်ထောင်စုကို တည်ဆောက်ချင်တာပဲ။” လာမယ့်နှစ်တွေအတွင်းမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေးတွေကို အားလုံးကို အက်စ်အန်အယ်လ်ဒီ အနေနဲ့ ဘယ်လိုမြင်လဲ။ အကောင်းမြင်လား။ ဒီအတိုင်းပဲ ရှေ့ဆက်သွားမယ် ထင်လား။ “အခုလည်း လုပ်နေတာပဲ။ ပူးပေါင်းဆောင်ရွက်ဆို ပူးပေါင်းဆောင်ရွက်တာပဲ။ ဒေါ်စုနဲ့ ဦးသိန်းစိန်သွားနေတဲ့ ကိစ္စ။ ကျနော်တို့ ရံတဲ့အနေနဲ့ ရှမ်းတွေလည်း သူတို့ဆန္ဒ သူတို့ဖော်မယ်။ အပစ်ခတ်ရပ်စဲရေး ဘယ်လိုသွားမယ်။ ဒီအစိုးရစနစ် ဘယ်လိုဖြစ်အောင်သွားမယ်ဆိုတာကို ပံ့ပိုးတဲ့သဘောနဲ့လုပ်နေတာပဲ။ တနည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ပြီး၊ ဖြစ်တောင့်ဖြစ်ခဲ့ သမ္မတနဲ့ ဒေါ်စုသွားနေတဲ့ကိစ္စမှာ ဖြစ်တဲ့နည်းနဲ့ ထွက်လမ်းအနေနဲ့မြင်ပြီး ထောက်ခံသွားမယ်လို့ ဆုံးဖြတ်ထားပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024