DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အကြမ်းဖက်မှု ကုလသမဂ္ဂနှင့် နိုင်ငံတကာ ရှုတ်ချ
DVB
·
October 26, 2012
ရခိုင်ပြည်နယ်အကြမ်းဖက်မှု ကုလသမဂ္ဂနှင့် နိုင်ငံတကာ ရှုတ်ချ
Donate to DVB

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ဥပဒေမဲ့ အဓိကရုဏ်းတွေ အဆုံးသတ်ဖို့နဲ့ အရေးယူ ဆောင်ရွက်ပေးဖို့  မြန်မာအာဏာပိုင်တွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာက တိုက်တွန်းလိုက်ပါတယ်။

ရခိုင်ပြည်နယ်က  မြို့နယ် ၅ ခုမှာ ဖြစ်ပွားနေတဲ့ အပြန်အလှန် တိုက်ခိုက်မှုတွေဟာ တကယ့်ကို စိုးရိမ် ဒုက္ခရောက်စရာ အခြေအနေဖြစ်ပြီးတော့ ထိန်းချုပ်နိုင်ဖို့အတွက် အာဏာပိုင်တွေက ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်မှုတွေ ထပ်မံဖြစ်ပွားပြီး လူတွေ သေဆုံးဒဏ်ရာရခဲ့တာနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့   မစ္စတာ ဘန်ကီမွန်းရဲ့ ကြေညာချက်မှာ “ဒီအသိုင်းအ၀န်း ၂ ခုကြားက မယုံကြည်မှုတွေက လူအသက်တွေ ဆုံးရှုံးတာ၊ ပစ္စည်းတွေ ပျက်စီးတာ၊ မိသားစုတွေ အိုးအိမ်မဲ့ဖြစ်တာတွေ အပြင် လူတန်းစား အသီးသီးက လူတွေအကြား မုန်းတီးတာတွေ ဖြစ်စေပြီးတော့ ဒုစရိုက်သမားနဲ့ စစ်သွေးကြွတွေအတွက် အကျိုးအမြတ် ဖြစ်စေတယ်” လို့ ဖော်ပြထားပါတယ်။

အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို မြန်မာနိုင်ငံရဲ့ အမြင့်ဆုံး နိုင်ငံရေးခေါင်းဆောင်တွေက ထိန်းချုပ်ဖို့ လိုတယ်လို့ အတွင်းရေးမှူးချုပ်အနေနဲ့ ရှင်းရှင်းလင်းလင်း လက်ခံထားပြီး  အာဏာပိုင်တွေအနေနဲ့ ဒီလို ဥပဒေမဲ့ လုပ်ရပ်တွေအားလုံးကို ထိန်းသိမ်းဖို့ အမြန်ဆုံး ထိထိရောက်ရောက်ရောက် အရေးယူဆောင်ရွက်ဖို့ ဘန်ကီမွန်းက တောင်းဆိုတယ်လို့ ဆိုပါတယ်။

တိုက်ခိုက်တာတွေ၊ ခြိမ်းခြောက်ပြောဆိုတာတာတွေနဲ့ အစွန်းရောက် စကားလုံးတွေ ပြောဆိုတာတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့သလို အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်တာတွေကို ထိခိုက်သွားစေတယ်လို့ သူက ဆိုပါတယ်။  ကုလသမဂ္ဂအနေနဲ့ အခြေအနေကို လျော့ပါးသွားအောင်၊ ဒေသတွင်း တည်ငြိမ်မှုနဲ့ အေးချမ်းမှုတွေရအောင် လိုအပ်သလို လုပ်ဆောင်ပေးသွားဖို့ အသင့်ရှိတယ်လို့ ကြေညာချက်မှာ ဖော်ပြပါတယ်။

အလားတူ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် သောမတ်စ် အိုဟေး ကင်တာနားကလည်း  အကြမ်းဖက်မှု၊ တင်းမာမှုတွေအတွက် ခေါင်းဆောင်တွေက အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ နှေးကွေးခဲ့တာကိုလည်း ပြစ်တင်ပြောဆိုလိုက်ပါတယ်။ မှန်ကန်တဲ့ အဖြေအတွက် သင့်တော်တဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်သေးသလို ပြဿနာ အရင်းအမြစ်ကို ရှာမတွေ့ မဖော်ထုတ်နိုင်သေးဘူးလို့ သူက ပြောပါတယ်။

တချိန်တည်းမှာပဲ အဓိကရုဏ်းတွေ အလျင်အမြန် အဆုံးသတ်ဖို့ ဗြိတိန် နိုင်ငံခြားရေးရုံး ၀န်ကြီး ဟူဂိုဆိုင်ရာက တောင်းဆိုလိုက်ပါတယ်။ ရခိုင်က ဖြစ်ပွားနေတဲ့အဖြစ်အပျက်တွေကို အလွန်စိုးရိမ် ပူပန်မိသလို ထောင်နဲ့ချီတဲ့ လူတွေ အိုးအိမ်မဲ့ဖြစ်နေပြီး အတည်မပြုနိုင်တဲ့ သေဆုံးတာတွေ ရှိနေတာတွေကို သတင်းတွေ ရနေတယ်လို့ သူက ပြောပါတယ်။

အကြမ်းဖက်တာတွေ အဆုံးသတ်ဖို့ သူက တိုက်တွန်းလိုက်သလို အစိုးရ၊ ရဲတပ်ဖွဲ့တွေနဲ့ ဒေသခံ ရဲတပ်ဖွဲ့တွေကိုလည်း အရပ်သားတွေကို ကာကွယ်ပြီး လူ့အခွင့်အရေး ဆိုင်ရာ အထောက်အပံ့တွေ အပြည့်အ၀ ရရှိအောင် ခွင့်ပြုပေးဖို့ သူက တောင်းဆိုလိုက်ပါတယ်။

ဗြိတိန်နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေသလို ငြိမ်းငြိမ်း ချမ်းချမ်း ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တဲ့အကြောင်းလည်း သူက ပြောပါတယ်။

အလားတူ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (အိုအိုင်စီ) က ရခိုင်မှာ ဖြစ်ပွားနေတဲ့ လတ်တလော အကြမ်းဖက်တာတွေကို ပြစ်တင် ရှုတ်ချလိုက်ပြီး အစိုးရက အကြမ်းဖက်တာတွေ ရပ်တန့်သွားအောင် လိုအပ်တဲ့ အရေးယူ ဆောင်ရွက်တာတွေ လုပ်ဖို့ ကြေညာချက် ထုတ်ပြန် တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013