မုံရွာလက်ပန်းတောင်းတောင် ကန့်သတ်နယ်မြေထဲမှာရှိတဲ့ စေတီတဆူကို ဒေသခံတွေက ၀င်ရောက် ရွှေသင်္ကန်း ကပ်လှူဖို့ ကြိုးပမ်းခဲ့ပါတယ်။
အစိုးရက ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားတဲ့ မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်းတောင်းတောင်ဒေသက မိုးကောင်းရွှေမြင်တင် အဏုမြူဓာတ်ပေါင်းစု ကပ်ကျော်စေတီတော်ကို ရွှေသင်္ကန်းဆက်ကပ်ဖို့ သံဃာတော်တွေနဲ့ ဒေသခံတွေ ဒီနေ့ သွားရောက်ရာမှာ ရဲတပ်ဖွဲ့ဝင်ပိတ်ပင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။
ဒါပေမယ့်နောက်ပိုင်းမှာတော့ သံဃာတော်တွေက မေတ္တာရပ်ခံ တောင်းဆိုတဲ့ အတွက် ရွှေသင်္ကန်းကပ်ခွင့်ရခဲ့တယ်လို့ လက်ပန်းတောင်းတောင်ဒေသ ဆည်တည်းရွာက ဦးဇင်းစန္ဒာရာက မိန့်ကြားပါတယ်။
“ရွှေသင်္ကန်းကပ်ဖို့ ရွာပေါင်း ၂၆ ရွာ အားလုံးက လက်ပန်းတောင်းတောင်ထိပ်မှာ ကိုးကွယ်ထားတဲ့ ကပ်ကျော်စေတီရယ်၊ ရွှေမြင်တင်စေတီဘုရားဆီကို သွားတော့ သူတို့ဘက်က ထုံးစံအတိုင်း မသွားရမပြုရ တားမြစ်ပိတ်ပင်တယ်။ ဒါပေမယ့် သံဃာတော်တွေက မေတ္တာ ရပ်ခံပြီး တောင်းဆိုတော့ သူတို့လည်း လိုက်လျောပြီး သွားခွင့်ပြုတယ်။”
ပင့်သံဃာ အပါး ၅၀ နဲ့ ပတ်ဝန်းကျင်ရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံ လူအုပ်ကြီးဟာ လက်ပန်းတောင်းတောင် ၃၃ လုံးထဲက အမြင့်ဆုံးတောင်ဖြစ်တဲ့ ရွှေမြင်တင်တောင်က ကပ်ကျော်စေတီကို ကြိုတင်ခွင့်ပြုချက် မတောင်းခံဘဲ ရွှေသင်္ကန်းဆက်ကပ်ဖို့ ကြိုးပမ်းခဲ့ကြတာ လည်း ဖြစ်ပါတယ်။
ဒီဒေသဟာ အပြင်လူတွေမ၀င်ဖို့ တားမြစ်အမိန့် ထုတ်ပြန်ထားတဲ့နေရာဖြစ်ပေမယ့် ဘာသာရေးအကြောင်းပြချက်နဲ့ ခွင့်ပြုပေးလိုက်တယ်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က ပြောပါတယ်။
“ဘာပွဲသဘင်ပဲရှိရှိ ကျနော်တို့ဆီ တရားဝင် အနည်းဆုံး ၁ ပတ်လောက် ကြိုတင် ခွင့်ပြုချက်လျှောက်ထားရပါတယ်။ ဒါမှ အထက်အဆင့်ဆင့်ကို တင်ပြီး ခွင့်ပြုတယ်ဆိုမှ ခွင့်ပြုကြောင်း ပြန်ပေးပါမယ်။ ကျနော်တို့ဆီ တင်ပြလျှောက်ထားခြင်းလဲမရှိပါဘူး။ ဒါကြောင့် တရားဝင်ခွင့်ပြုတာလည်းမရှိပါဘူး။ ဒါပေမယ့် ကျနော်တို့အကြီးအကဲတွေက ဘာသာရေးကိစ္စလည်းဖြစ်တာမို့ နားလည်မှုနဲ့ ခွင့်ပြုပေးလိုက်တယ်ပေါ့။ တရားဝင် ခွင့်ပြုပေးတာတော့ မဟုတ်ဘူးပေါ့။”
ခွင့်ပြုချက်မရဘဲ ရွှေသင်္ကန်းကပ်တဲ့သူတွေကိုတော့ ဥပဒေအရ အရေးယူမယ်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူးက ကြေညာထားပေမယ့် ဒီနေ့မှာ ရွာသားတွေက အေးအေးချမ်းချမ်းပြုလုပ်ခဲ့တဲ့အတွက် အရေးယူမှာမဟုတ်ဘူးလို့ ဦးဇော်မိုးအောင်က ပြောပါတယ်။
“ကျနော့်အနေနဲ့တော့ အရေးယူဆောင်ရွက်ဖို့ မရှိပါဘူး။ သူတို့လည်း အေးအေးချမ်းချမ်း သွားပြီး ပြန်လာတာဆိုတော့လေ။ ပြဿနာရှာမယ်ဆိုရင်တော့ လိုအပ်သလိုအရေးယူရမှာပေါ့။ အခုတော့ အေးဆေးပါပဲ။”
လက်ပန်းတောင်းတောင် ၃၃ လုံးကို တပ်မတော်ပိုင် စီးပွာရေးဦးပိုင်ကုမ္ပဏီနဲ့ တရုတ်အမျိုးသားပိုင် ၀မ်ပေါင် ကုမ္ပဏီကနေ ကြေးနီစီမံကိန်း လုပ်ကိုင်နေတာဖြစ်ပြီး အဲဒီဒေသကို ပုဒ်မ ၁၄၄ ကန့်သတ်နယ်မြေအဖြစ် ကြေညာထားတာပါ။