A d v e r t i s e m e n t With Us

ဝမ်းတွင်းမြို့နယ်တွင်  သြစတြေးလျနိုင်ငံသားများ စာသင်ဆောင်ဆောက်လုပ်လှူဒါန်း

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ကန်ကွေ့ရွာ အခြေခံပညာမူလတန်းလွန်ကျောင်းမှာ လိုအပ်နေတဲ့ စာသင်ဆောင် တဆောင်ကို သြစတြေးလျနိုင်ငံသားတွေက ဆောက်လုပ် လှူဒါန်းပြီး လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ ဧပြီ ၂၁ရက်မနက်က  သြစတြေးလျနိုင်ငံ Heart Angle Foundation က မစ္စတာရစ်ချက် နဲ့ မစ္စတာပီတာတို့ ၂ဦးအပါ သြစတြေးလျ နိုင်ငံသား ၉ဦးက သွပ်မိုးအုတ်ကာ ကွန်ကရစ်ခင်း အလျား ပေ ၆၀၊ အနံ ပေ ၃၀ ၊ အမြင့်၁၂ပေရှိတဲ့  စာသင်ဆောင်ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ကန်ကွေ့ရွာနေ ဆရာဦးသိန်းတန်က "နိုင်ငံခြားသား အလှူရှင်တွေက စာသင်ဆောင်လို အပ်မယ့်ကျောင်း ဘယ်ကျောင်းတွေကို လှူရရင်ကောင်းမလဲဆိုပြီး လိုက်ရှာရာက ကျနော်တို့ ကျောင်းကို တွေ့သွားတာပါ။ ကျောင်းအကျိုးတော်ဆောင်ရယ်၊ ရပ်ရွာလူကြီးတွေနဲ့ ပြောဆိုပြီး လှူဒါန်းကြပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ကန်ကွေ့ရွာကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ ဦးကျော်လွင်က"ဝမ်းသာတယ်။ ကျေးဇူးတင်တယ်။ လိုနေတဲ့ စာသင်ဆောင်လာလှူသွားတာမို့ ကျေးဇူးတင်တယ်။ စာသင် ကျောင်းဆောင် တဆောင်ကို ကျပ်သိန်း ၃၀၀ကျော်ကုန်ကျတယ်လို့ သိရတယ်။ စာသင်ဆောင် ဆောက်နေစဉ် ရွာက ကလေးတွေလဲ အလုပ်ရကြတယ်။ ကျောင်းဝင်းထဲမှာ နှစ် ၄၀ကျော် ကြာခဲ့တဲ့ အန္တရာယ်ကျောင်းဆောင်ရယ်၊ နောက်ထပ်တဆောင်ရယ် အခုလှူတဲ့ စာသင်ဆောင်နဲ့ဆိုမှ စာသင်ဆောင် သုံးဆောင်ပဲရှိသေးတယ်" လို့ ပြောပါတယ်။ အခုလှူဒါန်းတဲ့ သြစတြေးလျက အလှူရှင်တွေဟာ ဝမ်းတွင်းမြို့နယ်ထဲက တောင်ဘို အလယ်တန်းကျောင်းမှာလည်းဧပြီ ၁၇ရက်က စာသင်ဆောင်တဆောင် ဆောက်လုပ်လှူဒါန်းခဲ့ တယ်လို့ ၀မ်းတွင်းမြို့နယ် ဒုပညာရေးမှူး ဦးကျော်မြင့်က ပြောပါတယ်။ ကန်ကွေ့ရွာမှာ လူနေအိမ်ခြေ ၂၀၀လောက်ရှိပြီး မနှစ်ကတော့ ဒီကျောင်းမှာ ကျောင်းသား ကျောင်းသူ ၅၀ လောက်တက်ရောက် ပညာသင်ကြားနေကြတာ ဖြစ်ပါတယ်။ ကျောင်းမှာ ဆရာဆရာမ ၅ဦး တာဝန်ထမ်းဆောင်နေကြပြီး  ကျောင်းလာဆောက် ပေးတဲ့ အလုပ်သမား ၃၀ကျော်ကို ရွာက ထမင်းချိုင့်တွေနဲ့ ထမင်းပို့ပေးကြပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up