Home
မြန်မာသတင်း
တရုတ်တစ်သျှူးငှက်ပျော ပြဿနာ ကော်မတီဖွဲ့ ဖြေရှင်းမည်ဟု ကချင်ပြည်နယ်အစိုးရပြော
DVB
·
April 21, 2019
တရုတ်တစ်သျှူးငှက်ပျောစိုက်ခင်း ပြဿနာတွေကို ပြည်နယ်အစိုးရက ကော်မတီတွေ ဖွဲ့စည်းပြီး ဖြေရှင်းသွားမယ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။ ကချင်ပြည်နယ်ထဲမှာ ခွင့်ပြုချက်မရှိဘဲ စိုက်ပျိုးနေတဲ့ တစ်သျှူးငှက်ပျော စိုက်ခင်း တွေနဲ့ပတ်သက်ပြီး ပြည်နယ်အစိုးရ အဖွဲ့ကိုယ်တိုင် ကော်မတီဖွဲ့ပြီး ကိုင်တွယ်ဖြေရှင်းသွားမှာပါ။ အဲဒီကော်မတီမှာ ဥက္ကဋ္ဌအနေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဆည် မြောင်းဝန်ကြီးဌာနဝန်ကြီး ဦးကျော်ကျော်ဝင်းက တာဝန်ယူသွားမယ်လို့ လီဆူးတိုင်းရင်းသားရေးရာဝန်ကြီး ဦးအားတီယောဟန်က ပြောပါတယ်။ ကော်မတီအနေနဲ့ ငှက်ပျောစိုက်ခင်းတွေနဲ့ပတ်သက်ပြီး စည်းမျဉ်း၊ မူဘောင်တွေ ချမှတ်ပြီး စနစ်တကျ ကိုင်တွယ်ဆောင်ရွက်သွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့က ဆိုပါတယ်။ ဒီငှက်ပျောစိုက်ခင်းတွေကြောင့် မြေယာဆုံးရှုံးတာ၊ မြေဆီလွှာပျက်စီးတာနဲ့ သဘာဝပတ်ဝန်း ကျင်ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်ဆိုပြီး ဒေသခံပြည်သူတွေဘက်က တိုင်ကြားတာတွေ ရှိပါတယ်။ ဦးအားတီယောဟန်က “ပြည်သူအတွက် ဆိုးကျိုး၊ ကောင်းကျိုး၊ ပြည်နယ်အတွက် ကောင်းကျိုးဆိုးကျိုး ပြီးမှ ပြည်သူတွေရဲ့ ရွာမြေတွေမှာဖြစ်နေတဲ့ သဘာဝတွေ ပျက်စီးသွားတဲ့ကိစ္စတွေ၊ တိုင်စာအပေါ်မှာလည်း ကော်မတီက ကွင်းဆင်းမယ်၊ ညှိနှိုင်းမယ်၊ ပြီးရင် အစိုးရဘက်ပိုင်းမှာလည်း လိုအပ်တာကို ဘယ်လိုလုပ်သင့်ပါတယ်ဆိုတာ ကော်မတီရဲ့ ကွင်းဆင်းပြီးမှပဲ ကျနော်တို့သိရမှာဖြစ်တယ်။ ဒါပေမယ့် ဒီတစ်သျှူးငှက်ပျော်နဲ့ပတ်သက်ပြီးမှ ဖွဲ့ထားတဲ့ ကော်မတီဖြစ်တာကြောင့် ကဏ္ဍတခုတည်း ပြောလို့မရဘူး။ အများကြီးကို ဘယ်ကဏ္ဍ ဘာဖြစ်နေလဲ၊ သဘာဝပျက်စီးမှုက ဘာဖြစ်နေလဲ၊ သဘာဝမြေသြဇာ သုံးစွဲမှုကြောင့် ဘာဖြစ်တယ်ဆိုတာ အားလုံး ပညာရှင်တွေ ပါပြီးတော့မှ ဆိုတော့ ကဏ္ဍတခုတည်း ပြောလို့မရပါဘူး” လို့ ပြောပါတယ်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်နဲ့ ဗန်းမော်ခရိုင်တွေမှာရှိတဲ့ တစ်သျှူးငှက်ပျောစိုက်ခင်း ဧကပေါင်းဟာ ပြည်နယ်အစိုးရက ကောက်ခံထားတဲ့ စာရင်းတွေမှာ ခြောက်သောင်း ကျော်ရှိတယ်လို့ ဖော်ပြထားပါတယ်။ မြေယာလုံခြုံမှုနဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကွန်ရက်အဖွဲ့သုတေသန အစီရင်ခံစာမှာတော့ ငှက်ပျောစိုက်ဧကပေါင်း ၁ သိန်း ကျော်ရှိနေတယ်လို့ ရေးသားထားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024