DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်၊ ကျောက်တော်နှင့် ပေါက်တောမြို့ထိ အကြမ်းဖက်မီးရှို့မှုများ ပျံ့နှံ့ 
DVB
·
October 25, 2012
Donate to DVB

အောက်တိုဘာ ၂၁ ရက်နေ့ကစပြီး ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေဟာ  ကျောက်ဖြူ၊ မြေပုံ၊ ရသေ့တောင်၊ ကျောက်တော်၊ တောင်ကုတ်နဲ့ ပေါက်တောမြို့နယ်တွေအထိ ကူးစက်ပျံ့နှံ့နေပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ  အခြေအနေကို ထိန်းသိမ်းဖို့အတွက် နိုင်ငံတော်သမ္မတက  လုံခြုံရေးအဆင့် တိုးမြှင့်ဖို့ ညွှန်ကြားထားပေမယ့် မြို့နယ်အတော်များများမှာ မီးရှို့ တိုက်ခိုက်မှုတွေ ဆက်လက်ပျံ့နှံ့ ဖြစ်ပွားနေတာပါ။

ကျောက်တော်မြို့နယ် ပိုက်သည်ရွာမှာ  ဒီနေ့မနက်ပိုင်းမှာ ဘင်္ဂါလီနဲ့ ရခိုင်တိုင်းရင်းသားတွေ အကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာမှာ  လုံခြုံရေးယူထားတဲ့ စစ်တပ်က ၀င်ရောက် ပစ်ခတ်ထိန်းသိမ်းခဲ့လို့ ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရသွားတယ် လို့ ကျောက်တော်မြို့ခံ တဦးက ပြောပါတယ်။

အလားတူ ရသေ့တောင်မြို့နဲ့ ၁၆ မိုင်အကွာမှာရှိတဲ့ ညောင်ပင်ကြီးရွာမှာလည်း ဒီမနက်ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတွေအတွင်း အနည်းဆုံး ၁ ဦးသေပြီး ၄ ဦးဒဏ်ရာရတယ်လို့  ရသေ့တောင် အမတ် ဦးလှ မောင်သိန်းက ပြောပါတယ်။

ပေါက်တောမြို့နယ်မှာတော့  အကြမ်းဖက်မီးရှို့မှုတွေ ဖြစ်ပွားနေပြီး နာရီဝက်အတွင်း အိမ်ခြေ ၈၀၀ လောက် ပြာကျသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါက်တောရဲစခန်းကို မေးမြန်းရာမှာတော့ သူတို့အနေနဲ့ စုံစမ်းနေဆဲဖြစ်ပြီး အိမ်ခြေ ပျက်စီးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရသေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ဘက်က ဘယ်သူတွေ ဒါကို စလုပ်သလဲဆိုတာ စုံစမ်းနေဆဲပါ။ အိမ်ခြေတွေကိုလည်း အခုမှ စာရင်းကောက်နေဆဲဖြစ်ပါတယ်။ အပေါ်ကိုတင်တဲ့အခါ စာရင်းနဲ့အတိအကျ တင်ရမှာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ခန့်မှန်းပေးလို့လည်းမရဘူး။ အတိအကျလည်း ပေးလို့ မရဘူး။ ဒါတွေကို စုံစမ်းနေဆဲပါ။”

တောင်ကုတ်မြို့မှာလည်း မနေ့ညက ဘင်္ဂါလ်ီတွေ ၀င်လာတယ်ဆိုတဲ့ သတင်းကြားရတဲ့ အတွက် ဒေသခံ ရခိုင်လူမျိုးတွေက ဘဂါင်္လီကို တင်ဆောင်လာတယ်လို့ ယူဆရတဲ့လှေကို သွားရောက်ဖျက်ဆီးပြီး ရုန်းရင်းဆန်ခတ်  အနည်းငယ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့ဝင် ဦးဝင်းမြိုင်ကတော့ သူတို့အနေနဲ့ မနေ့ကထိ ရရှိထားတဲ့ စာရင်းအရ အခင်းဖြစ်ပွားတဲ့ မြောက်ဦး၊ မင်းပြား၊ ကျောက်ဖြူနဲ့ မြေပုံ အစရှိတဲ့ဒေသတွေက အိမ်ခြေပေါင်း ၁၀၀၀ နီးပါးပျက်စီးသွားပြီး လူ ၃ ဦးသေဆုံးပြီး ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း ပြော ပါတယ်။ ဒီနေ့ဖြစ်တဲ့ အနေအထားကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။

ဒီနေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာတော့  ကျောက်ဖြူမြို့မှာ ၂၃ ရက်နဲ့ ၂၄ ရက်က ဖြစ်ပွားခဲ့တဲ့ မီးရှို့တိုက်ခိုက်မှုတွေကြောင့် အိမ်ခြေ ၈၀၀ လောက် မီးလောင်ပျက်စီးသွားခဲ့သလို လူ ၁ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကြောင်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013