Home
မြန်မာသတင်း
ခရီးသည်နှင့်ကုန်ပစ္စည်း ပိုတင်သည့် ရွှေပြည်တန်အမြန်ရေယာဉ်ကို တာဝန်ရှိသူများ ခေါ်စစ်
DVB
·
April 20, 2019
ခရီးသည်နဲ့ ကုန်ပစ္စည်းတွေ ပိုမိုတင်ဆောင်ခဲ့တယ်ဆိုပြီး တိုင်ကြားခံရတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်မှ တာဝန်ရှိသူတွေကို တာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။ ဧပြီ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမှ စစ်တွေကို ပြန်လည်ထွက်ခွာမယ့် ရွှေပြည်တန်အမြန်ရေယာဉ်မှာ ခရီးသည်တွေနဲ့ ကုန်ပစ္စည်းတွေကို သတ်မှတ်တာထက် ပိုမိုတင်ဆောင်ခဲ့တဲ့အတွက် ခရီးသည်တွေက ထိုင်မယ့်နေရာမရှိလို့ တိုင်ကြားခဲ့တာကြောင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့က ခေါ်ယူစစ်ဆေးခဲ့တာပါ။ ခရီးသည်တဦးက “ကျနော်တို့လက်မှတ် ၀ယ်တဲ့အခါမှာလည်း ခုံနေရာရေးမပေးဘူး၊ ရွှေပြည်တန်အမြန်ရေယာဉ်ပေါ်ကို ရောက်သွားတဲ့အခါမှာလည်း ခရီးသည်တွေက ထိုင်မယ့်နေရာမေးတော့လည်း ထိုင်ခုံမရှိတဲ့အတွက် ကြိုက်တဲ့နေရာမှာ ထိုင်ဆိုပြီးတော့ပြောတယ်။ ကျနော်တို့ လက်မှတ်ဝယ်တဲ့အခါမှာလည်း သူများနည်းတူ (၁၄၀၀၀) ကျပ်ပေးပြီးတော့ ၀ယ်ရတာပါ၊ ခရီးသည်တွေကို လက်မှတ်တွေ အများကြီးရောင်းထားပြီးတော့ အခုလိုလုပ်တာ မကောင်းဘူး။ မတော်တဆ တစုံတခုဖြစ်လာပြီဆိုရင် ခရီးသည်တွေ အကုန်လုံး ဒုက္ခရောက်သွားမှာ၊ အောင်တံခွန်သင်္ဘောလည်း ဖြစ်ခဲ့ဖူးပြီးပြီ၊ ဒါကြောင့် မဖြစ်သင့်တာမဖြစ်ရအောင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးကို တိုင်ကြားရတာ” လို့ ပြောပါတယ်။ ရွှေပြည်တန်ရေယာဉ်မှ တာဝန်ရှိသူတွေကို သွားရောက်စစ်ဆေးတဲ့အခါမှာ လက်မှတ်ကို ပိုမိုရောင်းချထားကိုတွေ့ရှိခဲ့ပြီး ရေယာဉ်ကို ဆင်းစစ်တဲ့အခါမှာ သတ်မှတ်ခုံအရေအတွက် ၂၆၀ ထက် ခရီးသည် ၆၀ ကျော်ကို ပိုမိုတင်ဆောင်ထားတာ တွေ့ရှိခဲ့ရတာကြောင့် သတ်မှတ်ခုံအရေအတွက်အတိုင်းထွက်ခွာဖို့ ဆောင်ရွက်ခဲ့တယ်လို့ ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။ “ဖြစ်စဉ်ကိုတော့ သက်ဆိုင်ရာဌာနအဆင့်ဆင့်ကို တင်ပြသွားမယ်။ ပြီးသွားလို့ရှိရင် သက်ဆိုင်ရာ ရေကြောင်းပို့ဆောင်ရေးဌာနရဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားပါမယ်။” ကျောက်ဖြူရေကြောင်းပို့ဆောင်ရေးတာဝန်ခံ ဦးကျော်မင်းစိုးက  “ကျနော်အပါအ၀င် ရေယာဉ်စည်းကမ်းထိမ်းသိန်းရေးအဖွဲ့အစည်းတွေနဲ့ သွားရောက်စစ်ဆေးတဲ့အခါမှာ သင်္ဘောပေါ်မှာ ရှိနေတဲ့ထိုင်ခုံတွေထက် ခရီးသည်တွေပိုနေတာတွေ့ရတယ်။ ကျနော်တို့က ရေယာဉ်အန္တရာယ်နဲ့ ခရီးသည်တွေအန္တရာယ် ကင်းရှင်းဖို့အတွက် ခရီးသည်တွေ အပိုမတင်ပါနဲ့လို့ ပြောဆိုခဲ့တယ်” လို့ ပြောပါတယ်။ အဆိုပါရွှေပြည်တန်အမြန်ရေယာဉ် တာဝန်ရှိသူနဲ့ ရေယာဉ်မောင်းနှင်သူတို့ကို ကျောက်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ ရေကြောင်းပို့ဆောင်ရေးနဲ့ ဆိပ်ကမ်းတာဝန်ရှိသူတွေက ခေါ်ယူစစ်ဆေးခဲ့တာပါ။ ပြီးခဲ့တဲ့ ၈ ရက်လောက်ကလည်း စစ်တွေကနေကျာက်ဖြူကို ထွက်ခွါလာတဲ့ ရွှေပြည်တန်အမြန်ရေယာဉ်တစီး ကျောက်ဖြူမြို့ ငလွေပွေ့ချောင်းဆိပ်ကမ်းကိုအ၀င် ရပ်တန့်ထားတဲ့ သဲစုပ်သင်္ဘောကို တိုက်မိခဲ့မှု ဖြစ်ပွားခဲ့တာကြောင့် ခရီးသည်တွေ စိုးရိမ်ထိတ်လန့်ခဲ့ကြတယ်လို့ သိရပါတယ်။ နောင်နောင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024