DVB Logo
Home
မြန်မာသတင်း
ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ကွယ်လွန်
DVB
·
October 25, 2012
ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီး ကွယ်လွန်
1 / 2
Donate to DVB

မြန်မာ့နိုင်ငံရေးမှာ ထင်ရှားသူတဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ ဒီနေ့မနက် ၈ နာရီ မိနစ် ၂၀ မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၉၄ နှစ်ရှိပြီဖြစ်ပြီး၊ မကွယ်လွန်မီ တရက်အလိုမှာ တိုင်းပြည်ကောင်းမွန်ဖို့၊ ပြည်သူလူထုတွေ စိတ်ချမ်းသာဖို့ ဆုတောင်းသွားသေးတယ်လို့ သမီးကြီးဖြစ်သူ ဒေါက်တာပန်ဒိုရာအောင်ကြီးက ပြောပါတယ်။

“ကျမအဖေက တိုင်းပြည်ကို အင်မတန်လည်း ချစ်ပါတယ်။ မကြာသေးခင်ကပဲ တိုင်းပြည်ကောင်းမွန်ပါစေ၊ ပြည်သူလူထုတွေ အားလုံး စိတ်ချမ်းသာပါစေ၊ ကောင်းမွန်ပါစေဆိုပြီး မနေ့က ဆုတောင်းသွားတယ်။ အိပ်ရာက နိုးတာနဲ့ ၁ မိနစ်ပဲ ခံစားလိုက်ရတယ် အသက်ပျောက်သွားတယ်။ ကျမတို့လည်း တတ်နိုင်သလောက် revive လုပ်ပါတယ်။ ဒါပေမယ့် မရခဲ့တော့ဘူး။ အဖေကတော့ တိုင်းပြည်ချစ်တဲ့ ပုဂ္ဂိုလ်ထဲမှာ ထိပ်ဆုံးကပါပါတယ်။”

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးကို ၁၉၁၉ ခုနှစ်က ပေါင်းတည်မြို့မှာ မွေးဖွားပြီး၊ တပ်မတော်မှာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

၁၉၆၂ ခုနှစ် ဦးနေ၀င်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီမှာ ထိပ်တန်း ခေါင်းဆောင်တဦးအနေနဲ့ ပါဝင်ခဲ့ပြီး တပ်မတော်က နုတ်ထွက်ခွင့်ပြုဖို့ ကိုယ်တိုင်လျှောက်ထားကာ ၁၉၆၃ ခုနှစ်မှာ တပ်က ထွက်ခဲ့ပါတယ်။

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ တပ်မတော်တာဝန်ထမ်းဆောင်ခဲ့စဉ်က မူဝါဒပိုင်း ချမှတ်ရာမှာ အရေးပါအရာရောက်သူလို့ အငြိမ်းစားတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်တင်ဦးက မှတ်ချက်ပေး ပြောပါတယ်။

“နိုင်ငံရေးပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်းလုပ်ကိုင်တဲ့အပိုင်းတွေမှာ မြန်မြန်ဆန်ဆန် လုပ်ကိုင်တဲ့အပိုင်းတွေ ရှိပါတယ်။ စစ်ရေးအတွေ့အကြုံတွေကတော့ သူကတော့ ကိုယ်တိုင် တပ်ကိုင်ပြီး တိုက်ခိုက်ရတယ်၊ ဒါတွေက အင်မတန်နည်းပါတယ်။ သို့သော်လည်း စစ်ရုံးမှာတော့ ရှေ့သွားမယ့် တပ်မတော်ရဲ့မူနဲ့ ပတ်သက်လို့ ဆိုပါတော့ မူသဘောတရားဆိုတော့ နိုင်ငံတော်ဝါဒပိုင်းဆိုင်ရာတို့၊ တပ်မတော်ရဲ့ မူဝါဒ မူချမှတ်တဲ့အပိုင်းမှာတော့ လူကြီးပိုင်းမှာ ထိရောက်စွာ အရေးပါအရာရောက်စွာ ပါဝင်ခဲ့ရတဲ့ အရေးပါအရာရောက်တဲ့ ပုဂ္ဂိုလ်ပေါ့။”

ဒါ့အပြင် ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ တပ်မတော်က အာဏာသိမ်းတာကို လက်မခံခဲ့တဲ့ သူလို့လည်း ဆိုပါတယ်။

“၁၉၆၂ ခုနှစ် စစ်တပ်က အာဏာသိမ်းတဲ့အပိုင်းတွေမှာ ဗိုလ်ချုပ်အောင်ကြီးနဲ့ ပတ်သက်လို့ ဦးနေ၀င်းတို့က အသိပေးခြင်း မပြုခြင်းအပေါ်မှာလည်း ရှိကောင်း ရှိပါလိမ့်မယ်။ နောက် စစ်တပ်က အာဏာသိမ်းတဲ့အပေါ်မှာ နောက်ပိုင်းမှာ ဘ၀င်မကျဆုံးပုဂ္ဂိုလ်လို့ ပြောလို့ရတယ်။ ဒါကြောင့် စောစောစီးစီးပဲ တပ်မတော်ကအနားယူသွားပြီး အပြင်မှာပဲ လုပ်ကိုင်စားသောက်တယ်။”

ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးဟာ တပ်မတော်က  အနားယူပြီးနောက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေပဲ လုပ်ဆောင်နေခဲ့ပြီး သူ့ရဲ့ အောင်ကြီးကိတ် မုန့်လုပ်ငန်းဟာ အောင်မြင်ပြီး လူကြိုက်များပါတယ်။

၁၉၈၇ ခုနှစ်လောက်မှာ သခင်အောင်ကြီး (ပေါင်းတည်) နာမည်နဲ့ ပေဖူးလွှာမဂ္ဂဇင်းမှာ သူ့ဘ၀အတွေ့အကြုံတွေကို ဆောင်းပါးရေးသားခဲ့ရာမှာလည်း ပရိသတ်စိတ်ဝင်တစား စောင့်ဖတ်ခဲ့ရတဲ့ ဆောင်းပါးကောင်းတွေ ဖြစ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်ခင် ရေးသားဖြန့်ချိခဲ့တဲ့ ဦးနေ၀င်းထံ အိတ်ဖွင့်ပေးစာတွေဟာလည်း ထင်ရှားပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီ စတင်ဖွဲ့စည်းထူထောင်ရာမှာလည်း ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ အတူ ခေါင်းဆောင်တဦးအဖြစ် ပါဝင်ခဲ့ပြီး အောင်၊ စု၊ တင် ပါတီ ဆိုပြီး ရေပန်းစားခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာ  ဦးအောင်ကြီး ပါတီက  နုတ်ထွက်သွားပြီး ပြည်ထောင်စု အမျိုးသားဒီမိုကရေစီပါတီကို သီးခြားထူထောင်ခဲ့ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်းအောင်ကြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူ ဒေါ်မူမူသိန်းနဲ့ သား ၂ ဦး၊ သမီး ၂ ဦး ကျန်ရစ်ခဲ့ပါတယ်။ ဈာပနကိုတော့ လာမယ့် စနေနေ့ မနက်  ၁၁ နာရီအချိန်မှာ ရေဝေးသုသာန်ကို ပို့ဆောင်ပြီး  မီးသင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013