DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် လုံခြုံရေးတိုးမြှင့်ရန် သမ္မတ ညွန်ကြား
DVB
·
October 24, 2012
ရခိုင်ပြည်နယ်တွင် လုံခြုံရေးတိုးမြှင့်ရန် သမ္မတ ညွန်ကြား
Donate to DVB

ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေ အဓိက ဖြစ်ပွားနေတဲ့  မင်းပြား၊  မြောက်ဦးနဲ့ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာ  အခြေအနေကို ထိန်းသိမ်းဖို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်အင်အား တိုးမြှင့်ဖို့ နိုင်ငံတော်သမ္မတက ဒီနေ့ ညနေပိုင်းမှာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

ဒီဒေသမှာ မငြိမ်မသက်မှုတွေကို ဥပဒေနဲ့အညီ ထိန်းသိမ်းဖို့အတွက် အောက်တိုဘာ ၂၂ ရက်ကတည်းက  ပုဒ်မ ၁၄၄  ညမထွက်ရ အမိန့် ထုတ်ပြန်ဆောင်ရွက်ခဲ့ပေမယ့်  ထိရောက်မှု နည်းတဲ့အတွက် ခုလို လုံခြုံရေးတိုးမြှင့်ဖို့ ညွှန်ကြားလိုက်တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“၁၄၄ ထုတ်တဲ့အချိန်မှာ မငြိမ်ဘူးဖြစ်နေတယ်။ ဒီနေ့ ဆက်ဖြစ်တယ်။ ထပ်ဖြစ်တော့ ပိုပြီးတော့ ငြိမ်ဝပ်ပိပြားမှု၊ တရားဥပဒေစိုးမိုးရေးအတွက် လုံခြုံရေးတပ်အင်အား တိုးမြှင့်ပြီး အဆင့်မြှင့်တာ။ အရင်တုန်းက ကျနော်တို့ ဥပမာ ရဲ ၁ ယောက်ထားမယ်ဆိုရင် အခု ၅ ယောက်လောက်ထားဖို့ အဆင့်မြှင့်တယ်။ ပိုမဆိုးလာအောင်တော့ လုပ်တာပါ။ အဓိက မထိန်းနိုင်ဘူး။ ဒီမြို့နယ်တွေဖြစ်တာက တဖက်နဲ့တဖက် စွပ်စွဲလက်ညှိုးထိုးနေရင်လည်း ပြီးမှာမဟုတ်ဘူး။ အဲတော့ ပဋိပက္ခအကြမ်းဖက်မှုတွေ မဖြစ်အောင် လုပ်တာပါ။”

ခြုံရေးတပ်ဖွဲ့ဝင်အင်အား ဘယ်လောက်တိုးမြှင့်လိုက်တယ်ဆိုတာကို ပြောကြားခြင်း မရှိပေမယ့် ပြည်နယ် တာဝန်ရှိတွေရဲ့ လိုအပ်ချက် ရှိသလောက် တိုးမြှင့်သွားမယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက မြောက်ဦးနဲ့ မင်းပြားဘက်မှာ ဖြစ်ပွားခဲ့တဲ့ မီးရှို့မှုတွေဟာ  ကျောက်ဖြူမြို့ထိ ပျံ့နှံ့ လာပြီး မီးရှို့မှုတွေကြောင့် နေအိမ်ပေါင်း ၆၀၀ လောက် မီးထဲပါ သွားတယ်လို့  ကျောက်ဖြူမြို့ ဒေသခံ အုပ်ချုပ်ရေးမှူးတဦးဖြစ်သူ ဦးစိုးနိုင်က ပြောပါတယ်။

“မီးတွေက အများကြီးလောင်သွားတယ်။ ကျနော်ကြားတာကတော့ ဒီနေ့အပါအ၀င် အကုန်လုံး ၆၀၀ ကျော်လောက်ကြားတယ်။ ဟိုဘက်၊ ဒီဘက် နှစ်ဖက်လုံးမှာ။ အသေအပျောက်ကတော့ ရှိတယ်၊ အရေအတွက်ကတော့ ဘယ်လောက်မှန်းမသိဘူး။ ပစ်တာခတ်တာကတော့ ခြောက်လှန့်ပြီး အပေါ်ကို ထောင်ပစ်တာတွေ ဟန့်တားတဲ့သဘောမျိုး ပစ်တာတွေတော့ ရှိပါတယ်။ ဟိုဘက်က ဂျင်ဂလိနဲ့ ပစ်တာတို့ ဒီဘက်က လေးခွနဲ့ပစ်တာတို့လည်း ရှိပါတယ်။”

မြောက်ဦးမြို့က အလိုတော်ပြည့် ကျောင်းထိုင်ဆရာတော် ဦးတေဇသာရကတော့  ဒီနေ့လည်း မြောက်ဦးမှာ ပစ်ခတ်မှုတွေကြောင့် သေဆုံး မှုရှိနေပြီး ခုရက်ပိုင်းအတွင်း ဒုက္ခ သည် ၂၀၀ လောက် ကျောင်းတွေမှာ ခိုလှုံဖို့ ရောက်လာတယ်လို့ မိန့်ပါတယ်။

“ဒီနေ့ ပန်းတိမ်ကုန်းမှာဖြစ်တော့ ရခိုင် ၃ ယောက် ကျတယ်။ ဒဏ်ရာရတာ ၅ ယောက်လောက် ရတယ်။ ဒုက္ခသည်တွေကတော့ ဦးဇင်းကျောင်းမှာရှိတယ်။ ဒုက္ခသည်စခန်းဖွင့်ထားတယ်။ ကျောက်တွင်းကုန်းတို့၊ ပန်းတိမ်ကုန်းတို့ဘက်က ထွက်ပြေးလာကြတာ။ ဒီနေ့ ၆၀ လောက်တော့ ၀င်လာတယ်။ တခြားကျောင်းတွေကိုလည်း သွားကြတယ်။ အားလုံးပေါင်းရင် ၂၀၀ ကျော် နီးပါးလောက်ရှိတယ်။”

ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ မြောက်ဦးမြို့နယ်ရှိ ကျေးရွာတွေမှာ ဖြစ်ပွားခဲ့တဲ့ ဆူပူအကြမ်းဖက် မီးရှို့ဖျက်ဆီးမှု ဖြစ်စဉ်တွေမှာ စုစုပေါင်း အိမ်ခြေ ၁ ထောင် ကျော် မီးလောင်ဆုံးရှုံးခဲ့ပြီး ၂ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြပါရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013