ချင်းတွင်းသင်္ကြန်သွားသည့် စက်လှေနစ်မြုပ် အလောင်းတချို့ ဆယ်ယူရရှိ

2.6K
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ချင်းတွင်းသင်္ကြန်ကို လာရောက်လည်ပတ်တဲ့ လူ ၃၅ ယောက်ပါ စက်လှေတစီးဟာ ချင်းတွင်းမြစ်လယ်မှာ မနေ့ မနက်က စက်လှေနစ်မြုပ်သွားပြီး သေဆုံးသူတချို့ရဲ့ အလောင်းတွေ ဆယ်ယူရရှိ တယ်လို့ ပြည်ထဲရေးသတင်း အရသိရပါတယ်။
ဧပြီလ ၁၅ ရက် မနက် ၁၀ နာရီခွဲ မိနစ်လောက်က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်ကြီးကျေးရွာမှ မုံရွာမြို့သို့ ကျီးပင်စုကျေးရွာ ဆားလင်းကြီးမြို့နယ်နေသူ ဒေါ်ခင်မင် (၅၅)နှစ် အပါအ၀င် ၃၅ ယောက်ကို တင်ဆောင်လာတဲ့ စက်လှေကို ဦးတင်ဝင်း(စိစစ်ဆဲ) မောင်းနှင်ပြီး ချင်းတွင်းမြစ်လယ်အရောက်မှာ အလေးချိန်များပြီး စက်လှေရဲ့ ဝမ်းဗိုက်အတွင်းသို့ ရေများဝင်ရောက်နစ်မြုပ်သွားခဲ့တာပါ။
နစ်မြုပ်သွားတဲ့ စက်လှေက ရုပ်အလောင်းအချို့ကို ဒီနေ့ ဧပြီ ၁၆ ရက်နေ့ မနက်ပိုင်းက ထပ်မံဆယ်ယူရရှိခဲ့ပြီး ဧပြီ ၁၅ ရက်နေ့ကတော့ အလောင်း ၂ လောင်းတွေ့ခဲ့ပါတယ်။
ဒေါ်ခင်မင်ပါ ၆ ဦးမှာ ပြင်ပဒဏ်ရာမရှိဘဲ ရေနစ်မွန်းဝေဒနာခံစားနေရတဲ့အတွက် မုံရွာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒေါ်ခင်မင်မှာ အဆုတ်ထဲရေဝင်ကာ သေဆုံးသွားခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။
စက်လှေနစ်မြုပ်မှုမှာ သေဆုံးအရေအတွက် ဘယ်လောက်ရှိသလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
စက်လှေမောင်းတဲ့ ဦးတင်ဝင်း (စိစစ်ဆဲ)ကို မုံရွာမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၂၈၀/၃၀၄-က (ရေယာဉ်အား အရမ်းဦးစီး မောင်းနှင်မှု/ပေါ့လျော့မှုကြောင့် လူသေမှု) ဖြင့် အမှုဖွင့်စစ်ဆေးနေပါတယ်။