DVB Logo
Home
မြန်မာသတင်း
ပြည်မြို့ တကိုယ်တော်ဆန္ဒပြ ရှေ့နေနှင့် ကူညီသူများ တရားစွဲခံရ
DVB
·
October 24, 2012
Donate to DVB

ပဲခူးတိုင်းပြည်မြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းက  တကိုယ်တော်ဆန္ဒပြခဲ့တဲ့ ရှေ့နေတဦးနဲ့ သူ့ကို အကူအညီပေးခဲ့သူ လူငယ် ၂ ဦးကို ရဲက တရားစွဲဆိုလိုက်ပါတယ်။

ပြည်မြို့က ရှေ့နေ ဦးမြင့်အေး၊ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းထိုက်အောင် နဲ့ မြို့ခံ မောင်ရေခဲ ခေါ် အောင်ဦးနိုင်တို့ ၃ ဦးကို   ပြည်မြို့ အမှတ် ၂ ရဲစခန်း စခန်းမှူး ရဲအုပ် ဦးလှထွန်းက ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဥပဒေပုဒ်မ (၁၈) ကို ချိုးဖောက်တယ်ဆိုပြီး  ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြမှုနဲ့ တရားစွဲဆိုခဲ့တာပါ။

ဦးမြင့်အေးတို့ ၃ ဦးဟာ ဒီနေ့ မနက်ပိုင်း ရဲစခန်းမှာ စစ်ဆေးခံရပြီးနောက်  ပြည်မြို့နယ်တရားရုံးမှာ အမှုစစ်ဆေးခံဖို့ သွားရောက်ခဲ့ပြီး တရားရုံးက အမှုကို နိုဝင်ဘာ ၅ ရက် ပြန်ချိန်းဆိုထားတယ်လို့ တရားစွဲခံရသူတွေက ပြောပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးမြင့်အေးကတော့ အခုလို တရားစွဲခံရတာဟာ မတရားမှုဖြစ် တယ်လို့ ပြောပါတယ်။

“ဒါက မလုပ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒါက ပြည်သူ့ဆန္ဒလေ၊ ကျနော်တယောက်တည်း ဖော်ထုတ် တာလေ။ စီတန်းလှည့်လည်ပြီး သွားတာမဟုတ်ဘူးလေ။ စီတန်းလှည့်လည်ရင် ၁၅ ယောက်၊ ၂၀ ပါလာရမယ်လေ။ ကျနော်က တယောက်တည်းပဲ လမ်းလည်းမလျှောက်ဘူး။ တနေရာနဲ့တနေရာ မတ်တပ်ရပ်ပြီး ဗီနိုင်းကိုင်ပြီး ဆန္ဒဖော်ထုတ်တယ်။ ကျနော့်နောက်က ရဲတွေ၊ စရဖတွေ သူတို့ပဲလိုက်လာတယ်။ သူတို့ပဲ စီတန်းလှည့်လည်တဲ့အထဲ ပါနိုင်တယ်။”

အလားတူ ကိုသန်းထိုက်အောင်ကလည်း ဦးမြင့်အေးကို ကူညီဆောင်ရွက်ပေးခဲ့တာသာဖြစ်ပြီး ပါဝင် ဆန္ဒပြခြင်းမရှိဘဲ တရားစွဲခံရတာလို့ ပြောပါတယ်။

“ကာယကံရှင် ကိုမြင့်အေးကလည်း တကိုယ်တော်ဆန္ဒပြမယ်ဆိုပြီး ထုတ်ဖော်ပြီး ကြေညာပြီးပြတာ။ ကျနော်တို့က ဘေးကနေ သူ့ကို အားပေးကူညီတယ်၊ သူလုပ်တာကို ကြိုက်တယ်၊ ထောက်ခံတယ် ဆိုပြီး ဘေးကနေ လိုက်ပေးတယ်။ အဲကနေ ခပ်လှမ်းလှမ်းမှာရှိတဲ့နေရာကို သွားမယ်ဆိုတော့ လမ်းလျှောက်သွားဖို့ နေကတအားပူတော့ အဆင်မပြေဘူး။ ကျနော်ကို လိုက်ပို့ဖို့ အကူအညီတောင်းတော့ ဆိုင်ကယ်နဲ့လိုက်ပို့တာကို နယ်မှာက ဆိုင်ကယ်ပဲအသုံးများတာလေ။ ဒါကို ကျနော်တို့ကိုပါ အားပေးကူညီမှုဆိုပြီး စွဲချက်တင်ပြီး အမှုတွဲလိုက်တယ်။ ဒါကမဖြစ်သင့်တဲ့ကိစ္စပါ။ သူတို့က လူများအောင် ထင်တာတော့ ၅ ယောက်လောက်ဆိုရင် သူတို့လိုချင်တဲ့ ဘောင်ထဲကို မတရားသဖြင့် ဆွဲသွင်းတဲ့ပုံစံပေါ့။ ဥပဒေမဟုတ်တာကို ဥပဒေနဲ့ ငြိစွန်းတယ်ဆိုတဲ့ ပုံစံရောက်အောင် ဆွဲသွင်းတဲ့ ပုံစံတခုလို့ ယူဆတယ်။”

တကယ်လို့ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်ရင် ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ၃သောင်းဖြစ်စေ ချခံရနိုင်တာဖြစ်ပါတယ်။

ရန်ကုန်မှာ ရှေ့နေများကွန်ရက်က  ရှေ့နေပေါင်း ၂၀၀ လောက်ရဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြမှုဖြစ်ပွားပြီး နောက် တနေ့ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြည်မြို့က ရှေ့နေဦးမြင့်အေးဟာ တရားလွှတ်တော်ချုပ်ရဲ့ အလွဲသုံးစားမှုတွေနဲ့ အခွန်တံဆိပ်ခေါင်းတွေ ဈေးကြီးမြင့်မှုတို့ကို ကန့်ကွက်တဲ့ အနေနဲ့ ပြည်မြို့မှာ တကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့တာပါ။

ဆန္ဒပြပြီး နောက် မကြာခင်မှာ ဦးမြင့်အေးနဲ့ သူ့ကိုကူညီတဲ့ လူငယ်၂  ဦးတို့ကို ရဲက ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး တယောက်ကို ငွေကျပ် ၁၀ သိန်း အာမခံနဲ့ ပြန်လွှတ်ပေးထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013