Home
မြန်မာသတင်း
သင်္ကြန်ကာလ ကရင်ပြည်နယ်ရှိ သမိုင်းဝင်ဘုရားများကို ဘုရားဖူးများ ပိုမိုလာရောက်
DVB
·
April 16, 2019
အခုနှစ် မဟာသင်္ကြန် ကာလအတွင်း ကရင်ပြည်နယ်ရှိ  ရှေးဟောင်း သမိုင်းဝင်ဘုရားတွေမှာ ပြည်တွင်းပြည်ပက ဘုရားဖူး ဧည့်သည့်တွေ အရင်နှစ်ကထက် ပိုမိုလာရောက်လို့ စည်ကားနေပါတယ်။ ဘားအံမြို့နယ်၊ ရသေ့ပျံကျေးရွာ၊ ရသေ့ပျံဂူဘုရား ဂေါပကအဖွဲ့ဝင် ဦးခွန်ဘောလုံး က“တနှစ်ထက်တနှစ် ဘုရားဖူးဧည့်သည်များလာတဲ့အတွက် အင်မတန်မှပဲ ကြည်နူး ၀မ်းသာမိပါတယ်” လို့ ပြောပါတယ်။ သင်္ကြန်ကာလအတွင်း ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည့်ဦးရေ ၁ သိန်းလောက် လာရောက်ဖူးမျှော်ကြသလို ခရီးသွားလာသူတွေများတဲ့အတွက် ရေကစားမဏ္ဍပ်တွေမှာ ရေကစားသူတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ရှိခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်နေ ဒေါ်မာလာအေးက“မနှစ်ကထက် လူပိုများတယ် ထင်တယ်။ လမ်းလည်း အရမ်းပိတ်တယ်။ ၉ နာရီနောက်ပိုင်း ပိတ်တယ်ဆိုရင် ထွက်ဖို့မလွယ်ဘူး။ တအားလည်းလူများတယ်” လို့ ပြောပါတယ်။ ဘုရားဖူးဧည့်သည့်တွေကို အလှူရှင်တွေက ဘုရားရင်ပြင်တော်မှာ စတုဒိသာ ထမင်း၊ ဟင်းတွေ၊ ရိုးရာအစားအစာတွေနဲ့ တည်းခင်းဧည့်ခံကျွေးမွေး နေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့နယ်၊ ဦးသိန်းလှိုင် က “ကရင်ပြည်နယ်က အရင်တုန်း က သွားချင်ပေမယ့် မငြိမ်းချမ်းတာကြောင့်သွားလို့မရဘူး။ အခုငြိမ်းချမ်းတဲ့ အခါကျတော့ အရမ်းကိုသွားလာလို့ ကောင်းပါတယ်” လို့ ပြောပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ဒေါ်ဝေနီစိုး က “ဒီနှစ်က အစောကြီးတည်းက ပိုစည်လာတယ်လို့ ထင်ရတယ်။ ဒီမှာရောင်းတာ ၁၅ နှစ်လောက်ရှိပြီး ဒီနှစ်အရောင်းအ၀ယ် အဆင်ပြေတယ်။ ဘုရားဖူးတွေက အရမ်းများတော့”လို့ ပြောပါတယ်။ ကရင်ပြည်နယ်မှာ ရှေးဟောင်းသမိုင်းဝင်ဘုရားတွေဖြစ်တဲ့ ဆန္ဒန်ဂူ၊ ဘုရင်ညီဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ ကော့ကသောင်းဂူ၊ သဘာဝရေတံခွန်တွေဖြစ်တဲ့ ကျုံထော်၊ ပရကြေးတို ရေတံခွန်တွေနဲ့ သဘာဝလှိုင်ဂူတွေ စတဲ့ လည်ပတ်စရာများပြားတဲ့အပြင် နယ်မြေငြိမ်းချမ်းပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာလို့ နှစ်စဉ်ခရီးသွား ၀င်ရောက်မှု တိုးတက်လာခဲ့တယ်လို့ ဟိုတယ်နဲ့ ခရီးသွားဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ သတင်း- ဓာတ်ပုံ ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024