Home
နိုင်ငံရေး
တိုင်းရင်းသားလက်နက်ကိုင်တပ်ပေါင်းစုနှင့် အစိုးရ တွေ့ဆုံမည်
နန်းမြနဒီ
·
October 24, 2012
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပေါင်းစည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ)နဲ့ အဖွဲ့ဟာ မကြာခင်မှာ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။ အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဟာ ယူအန်အက်ဖ်စီ နဲ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေး အကျိုးတော်ဆောင်တွေကနေတဆင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက အကြောင်းကြားလာတယ်လို့ ယူအန်အက်ဖ်စီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာက ပြောပါတယ်။ [caption id="attachment_32276" align="alignright" width="300" caption="နိုင်ဟံသာ "][/caption] “ဦးအောင်မင်းကပြောလာတာပါ။ အန်ကယ်တို့ဘက်က တွေ့ဆုံဖို့ သဘောထားပေးထားတာ ကြာပြီလေ။ သူတို့ဘက်က အခြေအနေအဆင်ပြေလို့ တခါလောက် အလွတ်သဘောတွေ့ဖို့ ပြောလာတာပါ။ အချိန်တွေ နေရာတွေ ညှိနေတယ်။ အလွတ်သဘောတွေ့တယ်ဆိုတာ နောက်ပိုင်းမှာ တရားဝင်တွေ့ဆုံဖို့ ပြင်ဆင်တဲ့ သဘောပါပဲ။ ” ဒီတွေ့ဆုံမှုမှာ  အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆက်လက်ဖော်ဆောင်ဖို့ ဆွေးနွေးဖွယ်ရှိပြီး အသေးစိတ် ဆွေးနွေးမယ့် အစီအစဉ်တွေတော့ မသိရသေးပါဘူး။ ယူအန်အက်ဖ်စီ အဖွဲ့ဝင်တွေ ဂျပန်နိုင်ငံကနေ ပြီးခဲ့တဲ့ရက်ပိုင်းကမှ  ပြန်ရောက်လာတာ ဖြစ်တဲ့အတွက် အဖွဲ့ထဲမှာ အစိုးရနဲ့ တွေ့ဆုံဖို့ကိစ္စ  ကြိုတင် ညှိနှိုင်းမှုတွေ မလုပ်ရသေးဘူးလို့လည်း နိုင်ဟံသာက ဆက်ပြောပါတယ်။ တကယ်လို့ ဆွေးနွေးပွဲဖြစ်မယ်ဆိုရင် ကချင်လက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရအကြား တိုက်ပွဲတွေဆက်ဖြစ်နေတဲ့ ကိစ္စပါ ဆွေးနွေးမယ်လို့ နိုင်ဟံသာက မီဒီယာတွေကို ပြောကြားခဲ့ဖူးပါတယ်။ အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ အရင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တဖွဲ့ချင်း သီးခြားတွေ့ဆုံခဲ့ပေမယ့်လည်း ဒီတခေါက်တော့ တိုင်းရင်းသားတပ်ပေါင်းစုအားလုံးနဲ့ တွေ့ဆုံဖို့ ကြိုးစားလာတာ ဖြစ်နိုင်တယ်လို့ ယူအန်အက်ဖ်စီ ခေါင်းဆောင်တဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့ ဟာ  အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို  တဖွဲ့ချင်း သီးခြားဆွေးနွေးတာကို လက်မခံဘဲ တဖွဲ့လုံးအနေနဲ့ ဆွေးနွေးဖို့ အရင်က တစိုက်မတ်မတ် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။ ယူအန်အက်ဖ်စီအဖွဲ့ကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းခဲ့ပြီး အဖွဲ့ထဲမှာ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကရင်အမျိုးသားအစည်းအရုံး၊ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး၊ ရခိုင်အမျိုးသားညီညွတ်ရေးပါတီ၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ၊ လားဟူးဒီမိုကရက်တစ်သမဂ္ဂ၊ ၀ အမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားတပ်ဦး စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့ ပူးပေါင်းပါဝင်ပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024