Home
မြန်မာသတင်း
ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနတွင် သင်္ကြန်ကာလ ဝန်ထမ်းအင်အား နှစ်ဆ တိုးမြှင့်ချထား
DVB
·
April 13, 2019
မဟာသင်္ကြန်ကာလအတွင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနမှာ ဝန်ထမ်းအင်အားကို ပုံမှန်ထက် နှစ်ဆ တိုးမြှင့်ချထားတယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ် ဒေါက်တာခင်သိင်္ဂီမြင့်က ပြောပါတယ်။ ဆေးရုံကြီးအရေးပေါ်ဌာနအနေနဲ့ ပုံမှန်ရက်တွေမှာ ဝန်ထမ်းအင်အားကို ၈၀ ကနေ ၁၀၀ အထိ ချထားပေမယ့် သင်္ကြန်ကာလမှာတော့ ဝန်ထမ်းဦးရေ ၁၅၀ ကနေ ၂၀၀ လောက် အထိ ချထားမယ်လို့ သိရပါတယ်။ သင်္ကြန်တွင်းမှာ အပျော်လွန်ပြီး ထိခိုက်ဒဏ်ရာရတာတွေ များတဲ့အတွက် အရေးပေါ်ဌာနမှာ ဝန်ထမ်းအင်အားကို လောက်ငအောင် နှစ်ဆ တိုးပြီးချထားသလို  ထိခိုက်ဒဏ်ရာရပြီး အရေးပေါ်ဌာနကို ရောက်လာတဲ့ လူနာတွေကို ကောင်းမွန်တဲ့ ကုသပေးမှုပေးနိုင်ဖို့ ဌာနအတွင်း အကြိုဇာတ်တိုက် လေ့ကျင့်ထားတယ်လို့ ဆေးရုံအုပ်ကြီးက ပြောပါတယ်။ ဒါ့အပြင်သင်္ကြန်မှာ အရေးပေါ်လူနာတွေ ဆေးရုံကြီးကို ရောက်ရှိလာပါက ဆေးဝါးပြတ်လပ်တာမရှိရအောင် ဆေးပစ္စည်းကိရိယာတွေ ကြိုတင်စုဆောင်းထားတယ်လို့ လည်းဆိုပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာ ဖွင့်လှစ်ထားတဲ့ အထူးကု ပြင်ပလူနာဌာနတွေကိုတော့ သင်္ကြန်ပိတ်ရက်ကာလမှာ ပိတ်ထားမှာဖြစ်ပါတယ်။ သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းအတွင်း ၂၉ မြို့နယ်မှာ မတော်တဆ ထိခိုက်မှုရှိရင် အရေးပေါ်ကုသပြီး အခမဲ့ ကူညီစောင့်ရှောက်နိုင်ဖို့အတွက် လုပ်ဆောင်သွားမယ်လို့ ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးကလည်း ပြောပါတယ်။ ရန်ကုန်တိုင်း လူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က သင်္ကြန်ကာလအတွင်း ရန်ကုန်တောင်ပိုင်းခရိုင်ကလွဲလို့ မြို့နယ် ၂၉ နေရာမှာ ဝန်ထမ်းအင်အား ၇၀၀၀ လောက်နဲ့ ကျန်းမာရေး စောင့်ရှောက်မှုပေးဖို့ စီစဉ်ထားတာပါ။ ဒါ့အပြင် အင်းလျားကန်ဘောင်၊ ကန်တော်ကြီးနဲ့ မြို့တော်ခန်းမအပါအဝင် ပြည်သူတွေ အများဆုံးသွားရောက် ရေကစားကြမယ့် ၁၈ နေရာကို  အရေးကြီးနေရာတွေအဖြစ် သတ်မှတ်ပြီး အရေပေါ်ကျန်းမာရေး စောင့်ရှောက်မှုတွေလုပ်သွားမယ်လို့ ဦးထွန်းထွန်းဦးက ပြောပါတယ်။ သင်္ကြန်ကာလအတွင်း မတော်တဆ ထိခိုက်မှုတွေ ဖြစ်ပေါ်လာရင် အရေးပေါ်ကုသနိုင်ဖို့ လူနာတင်ယာဉ် အစီး ၁၀၀ ကို အသင့်ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အရေးပေါ်လူနာတွေကို ကုသနိုင်ဖို့အတွက်လည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးနဲ့ ပူးပေါင်းပြီး အရေးပေါ်ဌာမှာ ကျန်းမာရေးစောင့်ရှောက်တာတွေကို ကူညီလုပ်ဆောင်သွားမယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ် (ရန်ကုန်) သင်တန်းရေးရာဌာန တွဲဖက်အတွင်းရေးမှူး ဒေါ်လဲ့ရည်သူက ပြောပါတယ်။ မနှစ်က မဟာသင်္ကြန်ကာလမှာတော့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့  လူနာ ၈၃၀ ရှိပြီး သေဆုံးသူ ၁၂ ယောက်ရှိခဲ့ပါတယ်။ အရေးပေါ်ဌာနကို ရောက်ရှိလာတဲ့လူနာ အရေအတွက်ရဲ့ သုံးပုံတပုံကတော့ ယာဉ်မတော်တဆမှုကြောင့် ဖြစ်ပါတယ်။ သတင်း- ဆုဆုသွယ်၊ သူဇာလင်း ဓာတ်ပုံ- YGH
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024