DVB Logo
Home
မြန်မာသတင်း
မော်လမြိုင် မထသကော်မတီကို စစ်ဆေး
DVB
·
October 24, 2012
မော်လမြိုင် မထသကော်မတီကို စစ်ဆေး
Donate to DVB

မွန်ပြည်နယ် မော်လမြိုင်မြို့နယ် မထသမှာ လုပ်ကိုင်နေတဲ့ ယာဉ်လုပ်သား ၆၄ ဦး လက်မှတ်ထိုးပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ မြို့နယ်မထသ ကော်မတီဝင်တွေအပေါ် အရေးယူပေးဖို့ တောင်းဆိုတဲ့အတွက် စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ပြီး စစ်ဆေးခဲ့ပါတယ်။

မွန်ပြည်နယ်အာမခံရုံးက ခရီးသည်တင်မှန်လုံယာဉ် ၁ စီးကို ၁ ရက်လျှင် အသက်အာမခံကြေးငွေ ၁၂၅၀ ကျပ် ကောက်ခံဖို့ သတ်မှတ်ထားပေမယ့် မြို့နယ်မထသ ကော်မတီဝင်က မှန်လုံယာဉ် ၁ စီးကို ၁ ရက်လျှင် ၇၅၀၀ မှ ၁၀၀၀၀ ကျပ်ထိ ကောက်ခံနေတာနဲ့ ချောကြေးတွေ ကောက်ခံနေမှုတို့ကို စစ်ဆေးအရေးယူပေးဖို့ ယာဉ်လုပ်သားတွေက တောင်းဆိုခဲ့ကြတာပါ။

ကော်မတီဝင်တွေရဲ့ လုပ်ဆောင်ချက်နဲ့ ပက်သက်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားတာ ၂ လ ခန့်ရှိပြီလို့ ယာဉ်လုပ်သားတွေက ပြောပါတယ်။

မြို့နယ် မထသယာဉ်လုပ်သားတွေရဲ့ တိုင်ကြားချက်တွေကို စစ်ဆေးပေးဖို့အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် မထသအမှုဆောင် ၇ ဦး ပါဝင်တဲ့ စစ်ဆေးရေးကော်မတီကို ဖွဲ့စည်းခဲ့ပါတယ်။

စစ်ဆေးရေးကော်မတီအဖွဲ့ခေါင်းဆောင် ဦးစိန်မြင့်က “တိုင်ကြားတဲ့လူတွေရော၊ အတိုင်ခံရတဲ့လူတွေဘက်ရော အားလုံး စုစုပေါင်း ၈၀ လောက် ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှုအသေးစိတ်ကို ၀န်ကြီးချုပ်ကို တင်ပေးလိုက်တယ်။ ၁ လကျော်လောက်တောင် ရှိပါပြီ။ စစ်ဆေးတာ တိကျတယ်၊ မတိကျဘူးကို သူတို့ သုံးသပ်လို့ရပါတယ်။ စစ်ဆေးတာ တိကျတယ်ဆိုရင် သူတို့အနေနဲ့ အရေးယူသင့်ရင် ယူရမှာပေါ့။ ယာဉ်လုပ်သားတွေကို ဂိတ်မှာကပ်တဲ့ စာရင်းကတမျိုး၊ မထသက ပို့တဲ့ စာရင်းကတမျိုးဆိုပြီး တိုင်ကြားလာတယ်။ စစ်ဆေးတဲ့အခါလည်း ဒါပေါ်လာတာတွေ့ရတယ်။ ငွေစာရင်းမှာမသွင်းဘဲနဲ့ လုပ်ထုံးလုပ်နည်းနဲ့မညီတာတွေ လုပ်တယ်ဆိုပြီးလည်း တိုင်လာတယ်။ စစ်ဆေးတော့ တကယ်လည်း ငွေစာရင်းမ၀င်ဘဲ သုံးစွဲတာတွေ၊ ကောက်ခံထားတာတွေ အထောက်အထားနဲ့ တွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ဆေးရေးအဖွဲ့က ခေါ်ယူစစ်ဆေးရာမှာ သွားရောက်အစစ်ဆေးခံခဲ့တဲ့ ယာဉ်လုပ်သားတွေဟာ  ကော်မတီရဲ့လုပ်ဆောင်ချက်တွေနဲ့ ပက်သက်ပြီး ထွက်ဆိုခဲ့တဲ့အပေါ် မြို့နယ် မထသကော်မတီဝင်တွေက နည်းမျိုးမျိုးနဲ့ ဖိအားပေးတဲ့အတွက် အလုပ်ရပ်နားခဲ့ရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယာဉ်မောင်း ဦးသန့်ဇော်ဦးက ပြောပါတယ်။

“၀န်ကြီးချုပ်ရဲ့ ညွှန်ကြားမှုကတဆင့် လမ်းပန်းဝန်ကြီးချုပ်ကနေ ကျနော်တို့ကို စစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ပေးတယ်။ ရှင်းတမ်းက ၂ မျိုးဖြစ်နေတဲ့ ကိစ္စလေ၊ ကျနော်တို့ ကားသမားတွေကို ရှင်းတဲ့ ရှင်းတမ်းက တမျိုး၊ ပြည်နယ်မထသတို့၊ ပြည်နယ်စာရင်းစစ်တို့ အစစ်ခံတဲ့ ရှင်းတမ်းကတမျိုး ဒါမျိုးတွေ ဖြစ်နေတာပေါ့။ ကျနော်တို့ကတော့ မထသ ကော်မတီရဲ့ အလွဲသုံးစားမှုကို သက်သေအထောက်အထားနဲ့ ပြတယ်၊ ထွက်ဆိုထားတယ်။ ဒါပေမယ့် အခုအချိန်ထိ ဘာမှပြန်မလုပ်ပေးသေးဘူး။ ကျနော်တို့ တိုင်ထားတဲ့လူတွေကို တရားစွဲမယ်၊ ထောင်ချမယ်ဆိုတာ သိနေကြတယ်။ ဥပဒေနဲ့အညီ မြို့နယ်ရုံးမှာ လျှောက်လွှာတင်မယ်။ ပြီးရင် ကားသမားတွေစုပြီး မော်တော်ယာဉ်ရုံးရှေ့မှာ ဆန္ဒဖော်ထုတ်ပွဲလုပ်မယ်။ ဒါဟာ ကိုယ်ကျိုးအတွက် မဟုတ်ဘူး။ ယာဉ်မောင်း၊ ယာဉ်ပိုင်ရှင်တွေ အတွက် လုပ်တာပါ။ သက်ဆိုင်ရာကလည်း ကူညီပေးဖို့ တောင်းခံချင်တယ်။ မွန်ပြည်နယ်အတိုင်းအတာမှာ အကြီးဆုံးအဆင့် ၀န်ကြီးချုပ်အထိ တိုင်ပြီးပြီ။ အခုထိ ဘာမှဖြစ်မလာတဲ့အတွက် ကျနော်တို့ ဘာတွေဆက်လုပ်ရမလဲဆိုတာ အကြံဥာဏ်တွေ ၀ိုင်းပေးကြပါ။ ဆန္ဒတွေကတော့ အမြန်ဆုံး ကော်မတီလူကြီးတွေကို လဲပေးစေချင်တယ်။ နောက် သူတို့ရဲ့ တရားမ၀င်သုံးစွဲထားတဲ့ ငွေကြေးတွေကို လွတ်လပ်တဲ့စာရင်းစစ်အဖွဲ့နဲ့ စစ်ပြီးတော့ ပေါ်ပေါက်လာတဲ့ အလွဲသုံးစားမှုတွေကို အဖွဲ့ရုံးထဲ ပြန်ထည့်ပေးစေချင်တယ်။”

မော်လမြိုင်မြို့နယ် မထသ ယာဉ်လိုင်းဟာ မော်လမြိုင် မြို့တွင်း၊ မြို့ပြင် သယ်ယူပို့ဆောင်ရေးအတွက် အဓိကလုပ် ဝန်ဆောင်မှုပေးနေတဲ့ ယာဉ်လိုင်း ဖြစ်ပါတယ်။ မြို့တွင်း ပင်မယာဉ်လိုင်းမှာ ယာဉ်ငယ် ၂၁၇ စီးနဲ့ မြို့ပြင် မှန်လုံယာဉ်လိုင်းမှာ  ယာဉ် ၂၅ စီးလောက် ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013