DVB Logo
Home
မြန်မာသတင်း
ထုတ်ပယ်ခံရသူများကို မူလနေရာ ပြန်ပေးရေး ကေအန်ယူ ဆွေးနွေးမည်
DVB
·
October 23, 2012
ထုတ်ပယ်ခံရသူများကို မူလနေရာ ပြန်ပေးရေး ကေအန်ယူ ဆွေးနွေးမည်
Donate to DVB

ထုတ်ပယ်ခံထားရတဲ့ ကေအန်ယူခေါင်းဆောင်တချို့ကို မကြာခင်ကျင်းပမယ့် ဗဟိုကော်မတီ အစည်းအဝေးမှာ မူလရာထူးအတိုင်း အစည်းအဝေးတက်ရောက်ခွင့်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံးရဲ့ဗဟိုကော်မတီဝင်တချို့အောက်တိုဘာ ၂၂ ရက်နဲ့ ၂၃ ရက်တွေ က ကေအန်ယူ ထိန်းချုပ်ရာ တပ်မဟာ ၇ နယ်မြေမှာ အရေးပေါ် ညှိနှိုင်းအစည်း အဝေးတရပ် ကျင်းပပြီးဆုံးဖြတ်ခဲ့တာပါ။

ဒီအစည်းအဝေးမှာ ၅ ကြိမ်မြောက် ကေအန်ယူဗဟိုကော်မတီ အရေးပေါ် အစည်းအဝေးကို လာမယ့် ၂၅ ရက်နေ့ ကျင်းပမယ့်အကြောင်းနဲ့ ထုတ်ပယ်ခံထားရတဲ့ ကေအန်ယူ ခေါင်းဆောင်တချို့ကို မူလရာထူးအတိုင်း အစည်းအဝေး တက်ရောက် ခွင့်ပေးမှာဖြစ်ပြီး ထုတ်ပယ်ထားတဲ့ကိစ္စ ပြန်ရုပ်သိမ်းပေးဖို့ အကျေအလည် ဆွေးနွေးသွားမယ် လို့ ဗဟိုကော်မတီဝင်  ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“၂၅ ရက်နေ့မှာ သူတို့ထုတ်ပယ်ထားတယ်ဆိုတဲ့ စစ်ဦးစီးချုပ်နဲ့ တခြား ခေါင်းဆောင်တွေ နဂိုမူလရာထူးအတိုင်း အစည်းအဝေးတက်ရောက်မယ်။ အဲ့ပြဿနာနဲ့ ပတ်သက်ပြီး ဗဟိုကော်မတီအရေးပေါ် မျက်နှာစုံညီအစည်းအဝေးမှာ အကျေအလည် ဆွေးနွေးကြမယ်။ အရေးပေါ်အစည်းအဝေးမှာ ကျနော်တို့ထဲမှာရှိတဲ့ သဘောထားကွဲလွဲမှုတွေကို ညှိနှိုင်း ဆွေးနွေးမှာဖြစ်တယ်။”

၂ ရက်ကြာ ကျင်းပခဲ့တဲ့ ညှိနှိုင်းအစည်းအဝေးမှာ ကေအန်ယူဘက်က ဒု- ဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် အပါအ၀င် ၄ ဦး တက်ရောက်ခဲ့ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးဘက်က ဗိုလ်မှူးကြီး စောရောဂျာခင်၊ ဗိုလ်မှူးကြီးတူးတူးလေး နဲ့ ၅ ဦး ဆွေးနွေးညှိနှိုင်းခဲ့တာပါ။

လာမယ့် ဗဟိုကော်မတီအစည်းအဝေးမှာ တမျိုးသားလုံးရဲ့အကျိုးအတွက် အမြော်အမြင်ရှိရှိ ဆွေးနွေးမယ်ဆိုရင် ရလဒ်ကောင်းတွေရမယ်လို့ မျှော်လင့်တဲ့အကြောင်း ဗဟိုကော်မတီဝင်  ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ဦးတယောက်တည်းရဲ့ အမြင်ကတော့ တမျိုးသားလုံးရဲ့ အကျိုးစီးပွား၊ မြန်မာပြည် နိုင်ငံရေးအလှည့်အပြောင်း အခြေအနေကို အကဲဖြတ်နိုင်မယ်၊ သဘောထားနိုင်မယ်ဆိုရင် အမြော်မြင်ရှိမှုနဲ့ နှိမ့်နှိမ့်ချချနဲ့ တွေးကြမယ်ဆိုရင်တော့ ကောင်းတဲ့အကျိုးဖြစ်ထွန်းမှုကို ရမယ်လို့ ယုံကြည်ပါတယ်။”

ကေအန်ယူအဖွဲ့ဟာ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဌာန တာဝန်ခံ ဗိုလ်မှူးရောဂျာခင်၊ ပြီးခဲ့တဲ့ရက်ပိုင်းက ကွယ်လွန်သွားတဲ့ ဗဟိုတရားရေးဌာနတာဝန်ခံ  ပဒိုစောဒေးဗစ်ထောတို့ကို တာဝန်ကဖယ်ရှားခဲ့မှုနဲ့ပတ်သက်ပြီး ခေါင်းဆောင်ပိုင်းအတွင်း မပြေမလည်ဖြစ်နေချိန်မှာ အခုလို ၂ ရက်ကြာ  ညှိနှိုင်းအစည်းအဝေး ခေါ်ယူ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013