Home
မြန်မာသတင်း
ရှားတောမြို့နယ်၌ အစိုးရက ခရစ်ယာန်ဘုရားကျောင်း ပထမဆုံးအကြိမ် ဆောက်လုပ်ပေး
DVB
·
April 12, 2019
ကယားပြည်နယ်၊ ရှားတောမြို့နယ်၊ သရီးဒါးကျေးရွာမှာ ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို  နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနကနေ ကျပ် ၁၀၆ သန်းကျော် ထောက်ပံ့ငွေနဲ့ ပထမဆုံးအကြိမ် တည်ဆောက်ပေးနေပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကယားပြည်နယ်အစိုးရအဖွဲ့ဝင်တချို့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက သဒါးကျေးရွာကို လာရောက်စဉ် သင်းအုပ်ဆရာက တင်ပြခဲ့ရာကနေ အကူအညီတွေ ရရှိလာခဲ့တာလို့ သရီးဒါကျေးရွာ သင်းအုပ်ဆရာ ဦးမိုးဇက်ကပြောပါတယ်။ “ကျနော်တို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်စိုးရယ်၊ အစိုးရအဖွဲ့က ဦးတီရယ်၊ သရီးဒါးလာပြီးတော့ ဘာကူညီရမလဲမေးတယ်။ ကျနော်က ဘုရားကျောင်း ဆောက်ချင်တယ်။ ဒီရွာကလူတွေ မနိုင်ဘူးပေါ့။ သူက ယာပဲလုပ်တာ။ ဘုရားကျောင်းဆောက်ဖို့ မနိုင်ဘူး။ အဲဒါနဲ့သူတို့က အဲဒါဆိုရင်စောင့် နေပြည်တော်မှာ လွှတ်တော်အစည်းအဝေးတက်ရင်း ဟိုက နတလ ၀န်ကြီးနဲ့ တီးခေါက်ကြည့်မယ်တဲ့။ ၇ လ ၈ လလောက်ကြာတော့ ရပြီတဲ့ သရီးဒါတည်မယ့်ပုံစံရယ် သမိုင်းကြောင်းတင်တယ်။ တင်တော့ တနှစ်လောက်ကြာတယ်။ အခုတော့ ၂၀၁၈-၁၉ ဘတ်ဂျက်ထဲမှာ ကျလာတာ။” သရီးဒါးကျေးရွာဟာ အရင်တုန်းက နယ်မြေမငြိမ်းချမ်းသေးတဲ့အချိန်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့ဖူးတဲ့ ကျေးရွာဖြစ်သလို ဖြတ်လေးဖြတ်ကာလကို ရင်ဆိုင်ခဲ့ရတဲ့ကျေးရွာဖြစ်ပါတယ်။ ဒီလိုနိုင်ငံတော်ကနေပြီး ဘတ်ဂျက်ချပြီး ဘုရားကျောင်းတည်ဆောက်ပေးတာနဲ့ ပတ်သက်ပြီး ဦးမိုးဇက်က “ဒီဟာကတော့ နိုင်ငံရေးနဲ့မဆိုင်ဘူး။ ဘာသာရေးပဲ။ တချို့ကျတော့ အံ့သြကြတယ်။ ဒီလိုနိုင်ငံတော်ကနေပြီးတော့ ဘာသာရေးဘုရားကျောင်းဆောက်ပေးတယ်၊ ဒီလောက်ငွေ သိန်းထောင်ချီပြီးတော့ ပံ့ပိုးပေးတယ်ဆိုတာကတော့ တော်တော်အံ့သြကြတယ်။ ဒါပေမယ့်ကျနော်တို့ သရီးဒါးကျေးရွာအနေအထားက တချိန်တုန်းက ဖြတ်လေးဖြတ် ဖြစ်တဲ့အတွက် အကုန်လုံး တိမ်းရှောင်ပြီးတော့ အိမ်တွေလည်း မီးရှို့ခံရတယ်။ အဲဒီနိုင်ငံရေး စစ်ရေးအနေအထားပေါ်အရ ကျနော်ထင်တာ နိုင်ငံတော်က ပံ့ပိုးပေးတဲ့သဘောပဲ။” သရီးဒါးကျေးရွာ ဘုရားကျောင်းနဲ့ခြံဝင်းအတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန ကယားပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးရဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ် အတွက် ကျပ် ၁၀၆.၅၉၆ သန်း ထောက်ပံ့ပြီး Royal Conutry Development ကုမ္ပဏီကနေ တင်ဒါ အောင်မြင်ပြီး တည်ဆောက်ပေးနေတာဖြစ်ပါတယ်။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(ကေအန်ပီပီ) ကနေပြီး ပြည်နယ်အဆင့် အပစ်ခတ်ရပ်စဲရေး ယူပြီးနောက်ပိုင်း ကယားပြည်နယ်အတွင်းမှာ တည်ငြိမ် အေးချမ်းမှုတွေ ရှိလာပြီး လက်ရှိမှာလည်း ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ သရီးဒါးကျေးရွာဟာ တိုင်းရင်းသားဒေသဖြစ်သလို ထိုင်းနယ်စပ်နဲ့လည်း နီးတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နတလအနေနဲ့ ထောက်ပံ့ကူညီပိုင်ခွင့် ရှိတယ်လို့လည်း လွှတ်တော်တာဝန်ရှိ သူတဦးက ပြောပါတယ်။ သရီးဒါကျေးရွာဟာ ရှာတောမြို့နယ်ထဲမှာရှိပြီး ကယားလူမျိုးအများစု နေထိုင်တဲ့ ကျေးရွာဖြစ်သလို  ဒေသခံတွေအများစုက တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်ကြ တာဖြစ်ပါတယ်။ သရီးဒါရွာမှာ အိမ်ခြေ ၈၀ ကျော်ရှိပြီး ခရစ်ယာန်ဘာသာဝင်တွေနဲ့ တံခွန်တိုင် ယုံကြည်ကိုးကွယ်သူတွေ  အတူတကွ အေးချမ်းစွာ နေထိုင်နေကြတာဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024