DVB Logo
Home
မြန်မာသတင်း
မင်းပြားနှင့် မြောက်ဦးတွင် အနည်းဆုံးလူ ၅ ဦးသေဆုံး၊ အိမ်ခြေ ၆၀၀ ခန့် မီးလောင်
DVB
·
October 23, 2012
Donate to DVB

ရခိုင်ပြည်နယ်မြောက်ပိုင်း မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ အခုရက်ပိုင်းအတွင်း မီးရှို့မှုနဲ့ တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၅  ဦးသေဆုံးပြီး ကျေးရွာ ၅ ရွာက အိမ်ခြေ ၆၀၀ လောက် မီးလောင်ပျက်စီးသွားတယ်လို့  ရခိုင်ပြည်နယ်အစိုးရ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ် မင်းပြားနဲ့ မြောက်ဦးမြို့နယ်က ကျေးရွာတွေမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ ဘင်္ဂါလီတွေအကြား အောက်တိုဘာလ ၂၁ ရက်နေ့ ညပိုင်းကနေစပြီး တဖက်နဲ့တဖက် တိုက်ခိုက်မှုနဲ့ မီးရှို့မှုတွေ စတင်ဖြစ်ပွားခဲ့တာပါ။

ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး ဆပ်ကော်မတီရဲ့ ဥက္ကဋ္ဌ ဦးဦးလှသိန်းက   မင်းပြားမြို့နယ် ပိုက်သည်ရွာမှာ စတင်ဖြစ်ပွားခဲ့တဲ့ မီးရှို့မှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။

“အောက်တိုဘာလ ၂၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင်လောက်မှာ မင်းပြားမြို့နယ် ပိုက်သည်ရွာမှာ ဘင်္ဂါလီလူမျိုး ဘူသီးရာ နဲ့ ဇနီး မအမီနာခါတူးတို့ စကားများရန်ဖြစ်နေတဲ့အချိန်မှာ ရွာချင်းနီးကပ်နေတဲ့ ဦးစံသိန်းက နေအိမ်နောက်ဘက်နေ လှမ်းကြည့်နေတယ်။ ကြည့်တာကို ဘူသီးရာက မကျေနပ်လို့ လေးခွနဲ့ ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်တဲ့အခါ ဦးစံသိန်းကနေ ဒီလိုအပစ်ခံရတဲ့အကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးရယ်၊ လုံခြုံရေး တာဝန်ယူနေတဲ့ ခမရ ၅၄၀ တာဝန်ရှိသူတွေနဲ့ မင်းပြားရဲစခန်းကိုပါ တိုင်တယ်လို့ သိရတယ်။ တိုင်တဲ့အခါ လုံခြုံရေး အင်အား စစ်တပ်က ၁၈ ဦး၊ ရဲစခန်းက ၁၄ ဦး ပိုက်သည်ရွာကို သွားကြတဲ့အခါ မင်းပြားမြို့ပေါ်က လူအင်အား ၅၀၀ လောက်ဟာ အကြမ်းဖက်မယ့်ဟန် ပြုတဲ့အတွက် လုံခြုံရေးတာဝန်ယူသူတွေက အကြမ်းမဖက်ဖို့ တားဆီးပါတယ်။ အဆင်မပြေတဲ့အခါ လူစုကွဲဖို့ သေနတ်ဖောက် သတိပေးတဲ့အခါ လူအုပ်ထဲက ဓာတ်ဆီနဲ့ပစ်ပေါက်ပြီး မီးရှို့ထွက်ပြေးသွားတယ်၊ အဲလိုလုပ်လိုက်တဲ့အတွက် ပိုက်သည် (မူဆလင်) ရွာမှာ အိမ်ခြေ ၁၇ လုံး မီးလောင်ခဲ့ပါတယ်။”

ပိုက်သည်ရွာမှာ မီးလောင်မှု ဖြစ်ပြီးနောက် မင်းပြားမြို့နယ်ထဲက တခြားရွာတွေဖြစ်တဲ့  သရက်အုပ်၊ စမ္ဘလေ၊ အောင်တိုင်ရွာတွေနဲ့ မြောက်ဦးမြို့နယ်က  ပဒိမ်ကုန်း၊ ရိုင်ပြယ်ရွာတွေအထိ ပဋိပက္ခဖြစ်ပွားပြီး မီးရှို့မှုတွေ ရှိခဲ့ပါတယ်။

ပဋိပက္ခအတွင်း ရခိုင်လူမျိုး  ၃ ဦးနဲ့ ဘင်္ဂလီ ၂ ဦးသေဆုံးပြီး မြောက်ဦးဆေးရုံမှာ ထိခိုက် ဒဏ်ရာရတဲ့ ရခိုင်လူမျိုး ၆ ဦး တက်ရောက်ကုသမှု ခံယူနေရတယ်လို့ ပြည်နယ်ပြန်ကြားရေး အဖွဲ့က အတည်ပြုပြောပါတယ်။

ဒါ့ပြင်  အဲဒီရွာတွေမှာ မီးလောင်ပျက်စီးသွားတဲ့ ရခိုင်နဲ့ ဘင်္ဂလီ   အိမ်ခြေ စုစုပေါင်း ၆၀၀ လောက် ရှိတယ်လို့ ဦးလှသိန်းက ပြောပါတယ်။ မီးလောင်ပျက်စီးပြီး ဒုက္ခရောက်နေတဲ့သူတွေအတွက် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့နဲ့ပူးပေါင်းပြီး ကူညီမှုတွေလုပ်နိုင်အောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မင်းပြားနဲ့ မြောက်ဦးမြို့နယ်တွေမှာ အခုလို ပဋိပက္ခတွေ ဖြစ်ပွားတဲ့အတွက် အောက်တိုဘာလ ၂၂ နေ့ ညကစပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားတယ်လို့ ဦးဦးလှသိန်းက ပြောပါတယ်။

“မနေ့က သတင်းတွေရတော့ အစည်းအဝေးထိုင်ပြီး လုပ်တာက တပ်ရင်းတပ်ဖွဲ့တွေကို လိုအပ်ရင် မြို့ပြအုပ်ချုပ်ရေးမှာ ယူပြီး အားဖြည့်နိုင်ဖို့ အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြားလိုက်ပါတယ်။ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဓိကရုဏ်းသဘော ဖြစ်လာရင် ဒီလောက်လူအုပ်တွေကို ခြောက်လှန့်ရုံနဲ့ မရတော့ရင် ထိထိရောက်ရောက်ဖြစ်အောင် လုပ်ဖို့ ညွှန်ကြားပါတယ်။ ညွှန်ကြားချက်တွေကိုလည်း အင်အားသုံးတဲ့အခါ သူ့ဥပဒေ စည်းမျဉ်းစည်းကမ်းနဲ့အညီ သုံးပါလို့ ညွှန်ကြားထားတဲ့အတွက်ကြောင့် နောင် ဖြစ်လာရင် ထိထိရောက်ရောက် လုပ်တော့မယ့် အနေအထားမျိုးရှိတယ်။ နောက် ဒီဒေသမှာက လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ တရွာနဲ့တရွာသွားရင်လည်း လှေတွေနဲ့ သွားရတယ်။ မဟုတ်ရင် ခြေလျင်ပဲရတယ်။ မော်တော်ဆိုင်ကယ်တောင် သွားမရတဲ့ အခြေအနေဆိုတော့။ မနေ့က ညမထွက်ရ အမိန့်တွေ ချက်ချင်းထုတ်ပြန်ပြီး ထိန်းသိမ်းထားလို့ ဒီနေ့တော့ မကြားသေးဘူး။ ၀န်ကြီး ၂ ပါးကိုလည်း အခင်းဖြစ်တဲ့နေရာတွေကို လွှတ်ထားပြီး ပြည်သူလူထုတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင်၊ အခြေအနေကို တည်ငြိမ်အောင် ထိန်းသိမ်းဖို့၊ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိ ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီး အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ပြောထားပါတယ်။”

ဒီနေ့မှာလည်း မြောက်ဦးမြို့နယ်ဘက်မှာ မီးရှို့မှုတွေ ထပ်ဖြစ်ပွားတယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဒီဗွီဘီက သီးခြားအတည်ပြုချက် မရသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013