DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂကယ်ဆယ်ရေးပစ္စည်းများ သောင်တင်နေ
DVB
·
October 23, 2012
Donate to DVB

ကချင်ဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက ပေးမယ့် အကူအညီ အထောက်အပံ့ပစ္စည်းတွေဟာ  အစိုးရနဲ့ ကချင် လက်နက်ကိုင်အဖွဲ့တွေရဲ့ ခွင့်ပြုချက် မရတဲ့အတွက် ဗန်းမော်နဲ့ မြစ်ကြီးနားမြို့ တွေ မှာ သောင်တင်နေပြီး ဒုက္ခသည်တွေဆီ ပစ္စည်းတွေ ရောက်အောင်ပို့ဖို့ အခက်တွေ့နေတယ်လို့ ရန်ကုန်က အမည်မဖော်လိုတဲ့ ကုလသမဂ္ဂ အရာရှိတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက အခုချိန်ထိ အကူအညီတွေ ပေးမရဖြစ်နေပြီး စစ်ဘေး ဒုက္ခသည်တွေကို ပေးမယ့် အကူအညီတွေထဲမှာ စားနပ်ရိက္ခာ၊ အ၀တ်အထည်နဲ့ အခြေခံ အသုံးအဆောင်ပစ္စည်းတွေ ပါဝင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သောင်တင်နေတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်း ဘယ်လောက်ရှိသလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

[caption id="attachment_32224" align="alignleft" width="300" caption="စစ်ဘေးရှောင် ဒုက္ခသည်များ"][/caption]

ကချင်ပြည်နယ်ထဲမှာ အစိုးရတပ်တွေနဲ့ ကချင်လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့အတွက် အကူအညီပေးတဲ့ သူတွေအတွက် လုံခြုံရေးဟာ အဓိက ပြဿနာ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

မိုင်ဂျာယန်က ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ၀ိန်ပေါင်နိန်းထွဲ အဖွဲ့က တာဝန်ခံ ဒေါ်မယ်ရီတွမ် ကတော့ ဇွန်လလောက်က ကုလသမဂ္ဂက ပေးတဲ့ အကူအညီတွေကို နောက်ဆုံးရခဲ့တာဖြစ်ပြီး အစိုးရက အစိုးရထိန်းချုပ်ရာနယ်မြေ မဟုတ်တဲ့ ဒေသတွေကို အကူအညီတွေပို့ဖို့ တားမြစ်ထားတယ်လို့ ပြောပြပါတယ်။

“ဒီဘက်မှာ ယူအန်အကူညီတွေ မရောက်တာကြာပြီ။ လွန်ခဲ့တဲ့ ဇွန်လကတည်းက စုစုပေါင်း ၂ ခါရောက်တယ်။ အဲကတည်းက မရောက်တာ၊ ကျမတို့မေးကြည့်တော့ အစိုးရခွင့်မပြုလို့ ပြောတယ်။ Non-government control ဧရိယာဘက်ကို လာလို့မရဘူးလို့တော့ ပြောတယ်။ သူတို့လည်း ကြိုးစားနေတယ် လာရဖို့အတွက်ကို၊ ဒါပေမယ့် အခုထိ လာဖို့အတွက် အစိုးရခွင့်ပြုချက် မရဘူးပြောတယ်။ စခန်းအခြေအနေက ဆောင်းတွင်းဝင်လာပြီဆိုတော့ အရမ်းအေးတယ်။ အနွေးထည်လေးတွေလိုလာပြီ။ ဆောက်ထားပေးတဲ့ တဲတွေကလည်း အပေါ်ပိုင်းသွပ်မိုးနဲ့ ကြားထဲမှာ လွတ်ဟာနေတော့ အရမ်းအေးတဲ့အချိန်ရောက်လာပြီဆိုတော့ အရမ်းစိုးရိမ်စရာ ရှိတယ်။ ဆောင်းတွင်းအေးတာနဲ့ ဖုန်ကအရမ်းထလာပြီဆိုတော့ နှာစေး ချောင်းဆိုး အအေးမိတာတွေ ဖြစ်တာပေါ့။”

တရုတ်-မြန်မာ နယ်စပ်က နောင်တောင်း ဒုက္ခသည်စခန်းက ဒုက္ခသည်တွေဟာ ကုလသမဂ္ဂ အကူအညီကို ယခုချိန်အထိ မရရှိသကဲ့သို့ ထောက်ပံ့မှုများ ပေးပို့ရန် ကချင်လက်နက်ကိုင်တွေအပါအ၀င် သက်ဆိုင်ရာအဖွဲ့များက ခွင့်ပြုခြင်း မရှိတဲ့အတွက် လူမှုရေး ဘာသာရေး အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့ကူညီမှုနဲ့ ရပ်တည်နေရတယ်လို့ ဆိုပါတယ်။

ဗန်းမော်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းကတော့ နယ်မြေအကန့်အသတ်ကြောင့် ကူညီပေးရေးပစ္စည်းတွေ ဒုက္ခသည်တွေဆီ မပို့နိုင်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ပြောပါတယ်။

“ဗန်းမော်မှာ သောင်တင်တယ်ဆိုတာက နယ်မြေအကန့်အသတ်ကြောင့် ဖြစ်ကောင်းဖြစ်ပါ လိမ့်မယ်။ ကျနော်တို့ကို လက်လှမ်းမီတဲ့နေရာဆိုရင် တာဝန်ယူပြီး ချိတ်ဆက်ဆောင်ရွက်ပေးတာပေါ့။ လက်လှမ်းမမီတဲ့နေရာဆိုရင်တော့ ဆောင်ရွက်ပေးလို့ မရတာရှိတာပေါ့။ ဒါပေမယ့် သွားလာတဲ့အခါ သက်ဆိုင်ရာပြည်နယ်အစိုးရအဖွဲ့ကိုတင်ပြပြီးတော့မှ သက်ဆိုင်တဲ့ ၀န်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ သွားရတာပေါ့။ တရားဝင်သွားလာတာတော့ အခက်အခဲရှိစရာ အကြောင်းမရှိဘူး။ တချို့လည်း သွားလာတာကို သက်ဆိုင်ရာအစိုးရကို တင်ပြရတယ်။ ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်နဲ့ပဲသွားရပါတယ်။”

ကချင်ပြည်နယ်မှာ တနှစ်ကျော်ကြာလာပြီဖြစ်တဲ့ စစ်ပွဲတွေကြောင့် သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေဟာ နယ်စပ်ဒေသနဲ့ တောတွင်းတွေမှာ ပုန်းအောင်းနေရတာ ပါ။ နောက်ဆုံးရရှိထားတဲ့ စာရင်းအရ စစ်ရှောင်ဒုက္ခသည်ပေါင်း ၇ သောင်းခွဲလောက်ရှိနေပြီး ၄ သောင်းနီးပါးဟာ ကချင် လက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေထဲမှာရှိတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

ပြင်ပ အကူအညီရဖို့ ခက်ခဲတဲ့အတွက် ဒုက္ခသည်တွေဟာ အစားအစာနဲ့ သန့်စင်တဲ့ သောက်သုံးရေ ရရှိဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကချင်လူမှုရေးအဖွဲ့တွေက ပြောပါတယ်။ ဒါ့ပြင် အခုချိန်ဟာ ဆောင်းရာသီကို ကူးပြောင်းလာခဲ့ပြီဖြစ်တဲ့အတွက် အအေးပိုလာပြီး ဒုက္ခသည်တွေ ဟာ  ခြုံစရာ စောင်တွေ လုံလုံလောက်လောက် မရှိတဲ့အတွက်လည်း စိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013