A d v e r t i s e m e n t With Us

ရေသွန်းစံပျော်သည့် ပိတောက်ရာသီ

ကံ့ကော်၊ ရင်ခတ်တို့ ပင်တိုင်းညွှတ်မျှ ပွင့်ကြပြီ။ ပိတောက်တဝေဝေနှင့် တောင်လေသုတ်ဖြူးလို့ လတန်ခူးသို့ပင် တိုင်ခဲ့ပြီ။ ပိတောက်နံ့ထုံသင်းသင်းတို့ ရင်မှာငြိတွယ် ခိုဝင်ခိုက် စိတြကြယ်တို့ ညဥ့်သန်းခေါင်ရောက်ပြီး ကွန့်မြူးတောက်ပသည်နှင့် နှစ်သစ်သို့ ကူးပေတော့မည်။ ရှေးစာဆိုတို့က “ကောင်းကင်မိုးလ စိတြနှင့် မိဿရာသီ အမည်ခါကျော် နှစ်ဦးပေါ်က” ဟု လူးတားတပုဒ် စပ်ဆိုခဲ့ကြသည်ပင်။ နွေဦးပိတောက်တို့ လှိုင်လှိုင်ပွင့်ပြီ။ “လမ်းတလျှောက်သင်းတာမို့ ဆန်းသလောက်မလင်းနိုင်ဘု ပန်းပိတောက်မင်း” ဟူ၍ ရှေးစာဆို ဦးကြော့က ပန်းတကာ့ ပန်းတို့၏ မင်းအဖြစ် တင်စားဖွဲ့ဆိုခဲ့ဟန်ပင်။ ထိုပိတောက်တို့ ပင်လုံးညွှတ်မျှ ပွင့်ကြပါပြီ။ အတာသင်္ကြန်ပွဲသည် နှစ်ကူး၏ နှစ်ဦးအစ ဖြစ်သကဲ့သို့ ၁၂ လရာသီပွဲတော်တို့၏ အစလည်း ဖြစ်ခဲ့သည်။ ထို့အပြင် အရှည်ကြာဆုံးနှင့် နိုင်ငံလုံးအနှံ့ အရွယ်မရွေး ဆိုက်အစုံစုံတို့ အသိုက်အမြုံအပြည့် ကျင်းပရာ ပွဲတော်ကြီးလည်းဖြစ်သည်။ အထွတ်အမြတ်ပြုရာ ရိုးရာယဉ်ကျေးမှုပွဲတော် ဆိုကလည်း မမှားပေ။ လူတိုင်းစေ့ ဆင်းရဲချမ်းသာ လူတန်စားမရွေး ပျော်ကြသည်၊ ပါးကြသည်၊ ရေပက်ကစားကြသည်မှာ ပုဂံခေတ်ကတည်းကဟု ဆိုကြသည်။ ရှေးကမူ “ငြိမ့်မျှစောင်ငြင်း၊ အဲသီချင်းနှင့်၊ ထုံသင်းနံ့သာ၊ ရေသီတာဝယ်၊ စမ္ပာကရမက်၊ ပန်းပေါင်းဖက်၍၊ ရွှေခက်အပြည့် မွှေးမျိုးထည့်ကာ၊ လယ်လှည့်ဆူလှယ်၊ တင်စံပယ်လျှက်၊ မြူးရယ်ရွှင်အား လွန်ပျော်ပါးသည်၊ ကစားထုံးရည် ဖျန်းတည့်လေး။” ဟု အဆိုပြုခဲ့ကြပေသည်။ ရှေးစာဆိုအရ၊ ရွှေဖလား ငွေဖလားတွင် နံ့သာပေါင်းစုံထည့်ပြီး အရပ်တကာလှည့်ကာ အဲချင်းတို့ကို သီဆိုကခုန် မြူးထူးရင်း သပြေခက်၊ ပိတောက်ခက်တို့ဖြင့် ရေပက်ဖျန်းကာ ထုံးစဉ်အလာတိုင်း ကျင်းပခဲ့ခြင်းပင်။ ပျော်သူတို့ ပျော်သကဲ့သို့ ကောင်းမှုကုသိုလ် ပြုသူကလည်း ပြုကြသည်။ အချို့က စတုဒိသာကျွေးခြင်း၊ သက်ကြီးရွယ်အိုများအား ပြုစုခြင်း၊ ခေါင်းလျှော်၊ ရေချိုးသန့်စင်ပေးခြင်းအမှု ပြုကြသည်။ အချို့မူကား သားသတ်ရုံမှ သတ္တဝါတို့ကိုလည်းကောင်း၊ ဆယ်မိုးဆယ်နွေ ခိုင်းထားသော နွားအိုများကိုလည်းကောင်း ဘေးမဲ့ပေးခဲ့ကြသည်။ ဘေးမဲ့ပေးခြင်းကို အိုးစည်ဗုံမောင်းများဖြင့် လွှတ်လေ့ရှိကြောင်းကို.. “ထိန်လိုက်တဲ့အိုးစည်၊ နှဲကလည်းပီသနဲ့၊ သီသူကသီ ကသူက ကသူလာ၊ နွားကြီးလည်းပါသဟေ့၊ ကျောပေါ်မှာကော်ဇော၊ အမွှေးရောသနပ်ခါး၊ ချိုဖျားမှာ ပိတောက်ပန်းတွေက၊ တလျမ်းလျမ်းရွှေအဆင်၊ နွားစိတ်ထဲ အခဲသားဝင်လိုက်ရ ရွှင်လိုက်မည့်ဖြစ်ခြင်း။” ဆိုပြီး ဆရာဇော်ဂျီက ရေးဖွဲ့ခဲ့သည်။ သာမန်ဖြစ်ပေါ်လာသော စေတနာမဟုတ်။ သဒ္ဒါစိတ်ကြီးသော မြန်မာတို့၏ ဓလေ့စရိုက်တခုဟု ထင်ပါသည်။ ကိုယ်ချင်းစာတရား၊ ဝမ်းရေးပြဿနာကြောင့် ခိုင်းစားခဲ့ရသော်လည်း အနိုင်ကျင့်လိုစိတ်မရှိသော စရိုက်ကို ဖော်ပြနေသလိုပင်။ လွတ်လပ်ခွင့်၊ ဘေးမဲ့ပေးလိုက်သည်ကိုပင် လူတို့ အမြတ်တနိုး တန်ဖိုးထားသော ကော်ဇောဖြင့် အလှဆင်၊ ပန်းများဘုရင် ပိတောက်ခက်တို့ကို ဦးချိုတွင် ပန်ဆင်၍ ဘေးမဲ့အရပ်သို့ ပို့ဆောင်ခဲ့ကြပုံမှာ ကာယကံရှင် အဘယ်မျှ ဝမ်းသာလေမလဲ ဆိုသည်ကို သိလိုစိတ်ဇောဖြင့် ဆရာဇော်ဂျီက “နွားစိတ်ထဲ အခဲသားဝင်လိုက်ရ” ဟု ဖော်ပြထားသည်ကလည်း ပီတိတခုအဖြစ် မြင်တွေ့ရသည်ပင်။ ဤသည်မှာလည်း အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပေါ်ခဲ့ရသော ကိစ္စအရပ်ရပ်တို့တွင် မှားသည်ရှိ၊ မှန်သည်လည်းရှိသည်မှာ လောကသဘာဝတခုပင်။ သို့အတွက် စိတ်ဖြေရာအဖြစ်လည်းကောင်း စိတ်အညစ်အကြေးကို ဆေးကြောသန့်စင်ခြင်း အဖြစ်လည်းကောင်း၊ ထိုသို့သောနေ့ကို အခါကြီး၊ ရက်ကြီးအဖြစ် သတ်မှတ်၍ ကုသိုလ်ကောင်းမှု ပြုကြခြင်းလည်း ဖြစ်နိုင်ပါသည်။ အနည်းဆုံး တနှစ်တကြိမ် မိမိစိတ်ကို မိမိပြန်ကြည့်၍ နှစ်ဟောင်းအညစ်အကြေးတို့ကို နှစ်သစ်သို့ မသယ်ဆောင်လိုသော ရှေးမြန်မာတို့၏စိတ်ကို မြင်တွေ့နိုင်ပါသည်။ “အကုသိုလ် ပလုတ်ကျင်း” သည်ဟု ဆိုနိုင်သော်လည်း ဤမှတဆင့် သတိတရားတို့ဖြင့် ထိန်းချုပ်နိုင်ပါက တတ်နိုင်သမျှ အကုသိုလ်အမှုကို ရှောင်လိုစိတ်တို့ ဖြစ်ပေါ်နိုင်ပါသည်။ မည်သို့ပင်ဆိုစေ ပန်းပိတောက်တို့ ပွင့်လန်းရာ ရာသီ။ ကံ့ကော်ပန်းတို့ ဝေဆာသောရာသီ။ အပူရှိန်တို့ဖြင့် လွှမ်းခြုံရာ ရာသီ။ အနှီရာသီတွင် ပျော်ရွှင်ကြည်နူးစွာ ရေအေးအေးများဖြင့် ပက်ဖျန်းငြိမ်းချမ်းပါစေကြောင်းနှင့် နှစ်ဟောင်းအညစ်အကြေးများကို ဆေးကြောသန့်စင်၍ နှစ်သစ်ကို ကောင်းမှုများဖြင့် ထုံမွှမ်းနိုင်ကြပါစေကြောင်း တောင်းဆုမေတ္တာ ပို့သလိုက်ရပါသတည်း။ ရေသွန်းစံပျော်သည့် ပိတောက်ရာသီတွင် အန္တရာယ်အပေါင်းမှ ကင်းဝေးနိုင်ကြပါစေသတည်း။ ထွန်းဇော်ဌေး

A d v e r t i s e m e n t With Us

More News
Up