လစ်ဗျား တိုက်ပွဲများအတွင်း ၄၇ ဦးသေဆုံးပြီး ၁၈၁ ဦးဒဏ်ရာရဟု WHO ပြော

ဓာတ်ပုံ - Reuters
2K
လစ်ဗျားမြို့တော် ထရီပိုလီကို တပ်မှူး ခါလီဖာ ဟတ်ဖ်တာရဲ့ LNA တပ်ဖွဲ့တွေ သိမ်းယူဖို့ ကြိုးပမ်းတဲ့ တိုက်ပွဲတွေအတွင်း လူ ၄၇ ဦး သေဆုံးပြီး ၁၈၁ ဦး ဒဏ်ရာရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောပါတယ်။
သေဆုံးသူအများစုဟာ တိုက်ခိုက်ရေးသမားတွေဖြစ်ပေမယ့် အရပ်သား ၉ ဦး ပါဝင်တယ်လို့ WHO က ဆိုပါတယ်။
ကုလသမဂ္ဂ ထောက်ခံတဲ့ GNA အစိုးရတပ်ဖွဲ့တွေက ဟက်ဖ်တာရဲ့ LNA တပ်ဖွဲ့တွေ မြို့တော် ထရီပိုလီထဲ မဝင်အောင် ဧပြီ ၉ ရက်နေ့က တားဆီးနေပုံကို Arab24 သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဒီနှစ်အစောပိုင်းက LNA တပ်ဖွဲ့တွေဟာ လူနေကျဲပါးပြီး ရေနံကြွယ်ဝတဲ့ တောင်ပိုင်းကို သိမ်းပိုက်ပြီးနောက် ဒီလအတွင်း မြို့တော် ထရီပိုလီကို ချီတက်လာတာဖြစ်ပါတယ်။
သူတို့ဟာ ထရီပိုလီတောင်ပိုင်းမှာ တိုက်ပွဲဖြစ်နေပြီး LNA ဟာ လေဆိပ်ဟောင်းကို လက်လွှတ်ခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။