Home
မြန်မာသတင်း
စည်းကမ်းဖောက်ဖျက်သည့် ထီကိုယ်စားလှယ်များ၏ အာမခံငွေကို သိမ်းယူမည်
စိုးမိုးအောင်
·
April 9, 2019
သဘောတူစာချုပ်ပါစည်းကမ်းချက်တွေကို ဖောက်ဖျက်တဲ့ ထီကိုယ်စားလှယ်တွေရဲ့ အာမခံငွေ(Deposit)ကို သိမ်းယူမယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲ(ရန်ကုန်)ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောပါတယ်။ အောင်ဘာလေထီသိန်းဆုဌာနမှာ အာမခံငွေ(Deposit)တင်ပြီး လာမယူတဲ့သူတွေ ရှိတာကြောင့် မတ်လအတွင်း ကျပ်တစ်ထောင်တန် ထီလက်မှတ်အုပ်ရေ ၄ သိန်းကျော် မရောင်းရသလို ကျပ် ၅၀၀ တန်ထီလက်မှတ် အုပ်ရေ ၂ သိန်းလောက် မရောင်းရဘူးလို့ အစိုးရကထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထီလက်မှတ်တွေ မရောင်းရပေမယ့် အာမခံငွေကို သိမ်းယူလိုက်တာကြောင့် အစိုးရက အရှုံးမရှိသလို အာမခံငွေသိမ်းယူမှုကလည်း ကျန်နေတဲ့ထီအုပ်ရေထက် ပိုများ နိုင်တယ်လို့ ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောပါတယ်။ “အစ်ကိုတို့က ပြည်နယ်နဲ့တိုင်းအားလုံးက သိမ်းရတာဖြစ်တဲ့အတွက် ပြည်နယ်နဲ့ တိုင်းအားလုံးရဲ့စာရင်းတွေကို ပြန်ကောက်ရတယ်။ ပြောရရင်တော့ ထီစာအုပ် လေးသိန်းကျော် ကျန်တယ်ဆိုသော်လည်းပဲ သဘောတူစာချုပ်ပါ စည်းကမ်းဖောက်ဖျက်တဲ့အတွက်ကြောင့် သိမ်းရတာသည် စာအုပ်လေးသိန်းမက Deposit သိမ်းရတာလည်းဖြစ်နိုင်တယ်” ဧပြီ ၁ ရက်က စတင်ရောင်းချနေတဲ့ (၃)ကြိမ်မြောက် အောင်ဘာလေ ထီ တစ်ထောင်ကျပ်တန်ထီလက်မှတ်တွေကို အာမခံငွေပေးသွင်းပြီး လာရောက်ဝယ်ယူဖို့ ပျက်ကွက်သူ တချို့ရှိနေပါတယ်။ ၀ယ်ယူဖို့ပျက်ကွက်သူတွေဆီက အာမခံငွေသိမ်းယူပြီး ထပ်မံဝယ်ယူမယ့် လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ဧပြီ၂၆ ရက်အထိ ရုံးဖွင့်ရက်တွေမှာ လာရောက်ဝယ်ယူနိုင်တယ်လို့ အောင်ဘာလေသိန်းဆုဌာနခွဲကနေ ဧပြီ ၉ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။ အောင်ဘာလေထီ ကျပ်တစ်ထောင်တန်လက်မှတ်တွေ စတင်ရောင်းချချိန်ကစပြီး ကျန် ၅၀၀ တန်နဲ့ ကျပ် ၁၀၀၀ တန်ကို အချိုးကျဝယ်ယူဖို့ အောင်ဘာလေထီရုံးနဲ့ ထီကိုယ်စားလှယ်တွေ သဘောတူစာချုပ်ချုပ်ဆိုခဲ့ရတာပါ။ အဲဒီသဘောတူစာချုပ်ကို ဖောက်ဖျက်ပြီး ကျပ် ၅၀၀ တန် ထီလက်မှတ်တွေ ၀ယ်ယူမှုနည်းတာကြောင့် အချိုးကျဝယ်ယူမှုမရှိတဲ့ ထီကိုယ်စားလှယ်တွေရဲ့ ကျပ်တစ်ထောင်တန်နဲ့ ကျပ် ၅၀၀ တန် အာမခံငွေအားလုံးကို အစိုးရက သိမ်းယူနိုင်ခဲ့တယ်လို့ ပန်ဘဲတန်းမြို့နယ်၂၇လမ်းက ထီကိုယ်စားလှယ်တဦးက ပြောပါတယ်။ အောင်ဘာလေထီသိန်းဆုဌာနမှာ ထီလက်မှတ်ဝယ်ယူမယ့် ကိုယ်စားလှယ်တွေဟာ ထီလက်မှတ်(၁၁)စောင်ပါတဲ့ ကျပ် ၅၀၀ တန်ထီတစ်အုပ်ကို အာမခံငွေကျပ် ၃၀၀ ကြိုတင်ပေး ထားရသလို ကျပ်တစ်ထောင်တန်ထီစာအုပ်တစ်အုပ်ကိုလည်း ကျပ် ၆၀၀ အာမခံငွေပေးသွင်း ထားရတာပါ။ မတ်လအတွင်း ရောင်းမကုန်တဲ့ထီလက်မှတ်တွေအတွက် အာမခံငွေပမာဏကိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ သိမ်းဆည်းနေရတာဖြစ်လို့ သတင်းမထုတ်ပြန်နိုင်သေးဘူးလို့ အောင်ဘာလေထီသိန်းဆုဌာနခွဲ(ရန်ကုန်)က ပြောပါတယ်။ ဧပြီ ၁ ရက် စတင်ရောင်းချမယ့် အောင်ဘာလေထီ ကျပ်တစ်ထောင်တန် ထီလက်မှတ်တွေကို အက္ခရာ(၃၇) ထုတ်လုပ်ရောင်းချမှာဖြစ်သလို ကျပ် ၅၀၀ တန် ထီလက်မှတ်ကိုလည်း အက္ခရာ ၁၂ လုံး ထုတ်လုပ်ရောင်းချမှာပါ။ အခုလအတွင်းမှာလည်း ကျပ်တစ်ထောင်တန်ထီလက်မှတ်တွေသာ လူထိုးများတဲ့အတွက် ကျပ် ၅၀၀ တန်ထီလက်မှတ်တွေ အောင်ဘာလေထီရုံးမှာ ပိုပြီးကျန်နိုင်တယ်လို့ အောင်ဘာလေ ထီသိန်းဆုဌာနက ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024