ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ချစ်ကြည်ရေးခရီး ရောက်ရှိနေပါတယ်။ ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဟာ ဧပြီ ၈ ရက်မနက်က နေပြည်တော်ကနေ လေကြောင်းနဲ့ ထွက်ခွာသွားပြီး  တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့က တဆင့် ပေကျင်းမြို့ကို ညနေပိုင်းမှာ ရောက်ရှိသွား တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံ ဆိုင်ရာ မြန်မာ နိုင်ငံသံရုံး၊ စစ်သံရုံးမိသားစုတွေနဲ့ မနေ့ညက တွေ့ဆုံခဲ့ပြီး ခုခရီးစဉ်ဟာ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှု ကိုမြှင့်တင်ဖို့ လာရောက်တဲ့ ခရီးစဉ်ဖြစ်ေ ကြာင်းပြောကြားခဲ့ တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပထ၀ီအနေအထားအရအရေးပါတဲ့နေရာမှာ တည်ရှိလို့ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုအပ်မှုအခြေအနေ၊ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပြည်ပသို့ ပို့ကုန်တင်ပို့ရာမှာ အရည်အသွေးပြည့်မီဖို့ လိုအပ်မှုအခြေအနေ၊ နယ်စပ်ကုန်သွယ်ရေးမှာ  မျှတတဲ့ ကုန်သွယ်မှုစနစ်အကောင်အထည်ဖော်ဖို့ လိုအပ်မှုအခြေအနေနဲ့ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်မှုမြှင့်တင်ဖို့ သက်ဆိုင်ရာဌာနတွေက တိုက်တွန်းဆောင်ရွက် ရမယ့် အခြေအနေတွေကို ဗိုလ်ချုပ်မှူးကြီးက မြန်မာသံရုံးဝန်ထမ်းတွေကို ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေနဲ့ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းရမှာ တပ်မတော်က ပါဝင်ကူညီ ဆောင်ရွက်ပေးနေတဲ့ အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်ဖို့ တပ်မတော်က ဆောင်ရွက်နေတဲ့ အခြေအနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းရာမှာ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းမှုရှိဖို့နဲ့ လုံခြုံရေး အရတည်ငြိမ် အေးချမ်းမှုရှိဖို့ လိုအပ်တဲ့ အခြေအနေတွေကိုလည်း တပ်မတော် အကြီးအကဲက ပြောသွားပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ဟာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ပူးတွဲစစ်ဦးစီးဌာန စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး လီဇူချောင်းရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံကို သွားရောက်တာ ဖြစ်ပြီး ခရီးစဉ်အတွင်း တရုတ်နိုင်ငံအစိုးရနဲ့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိသလို သင်တန်းကျောင်းတွေ စက်ရုံတွေနဲ့ အထင်ကရနေရာတွေကို သွားရောက် လေ့လာဖို့ ရှိပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး သန်းထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ တပ်မတော်အရာရှိကြီးတွေ လိုက်ပါသွားကြတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ဓာတ်ပုံ- CINCDS

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up