A d v e r t i s e m e n t With Us

အခြေခံစာတတ်မြောက်ရေး မိတ္ထီလာတက္ကသိုလ်ကျောင်းသားကျောင်းသူများ ကူညီမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းက ၄ မြို့နယ်မှာ အခြေခံစာတတ်မြောက် ရေး ရက်ပေါင်း ၄၀ လုပ်ဆောင်ပေးသွားမယ်လို့ ဧပြီလ ၆ရက်နေ့ မိတ္ထီလာတက္ကသိုလ် ကျောင်းသားရေးရာက ပြောပါတယ်။ မော်ကွန်းထိန်း ဆရာဦးဆန်းဝင်းလှိုင်က "မိတ္ထီလာခရိုင်အတွင်းက အခြေခံစာ မတတ်မြောက်သေးတဲ့ ပြည်သူတွေကို ကျောင်းသားကျောင်းသူတွေက အခြေခံ စာတတ်မြောက် အောင် ကူညီပေးကြမှာပါ။ နည်းပညာတက္ကသိုလ်နဲ့ ကွန်ပြူတာတက္ကသိုလ်တို့က ကျောင်းသား ကျောင်းသူတွေလည်း ပါပါတယ်။ ဧပြီလ ၄ ရက်နေက စပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ ၈၈၀ ကျော်ကို ဆရာဆရာမတွေက ဘွဲ့နှင်းသဘင်ခန်းမမှာ သင်ကြားပြသ ပေးနေပါတယ်။ ဧပြီလ ၉ ရက်နေ့မှာ မြို့နယ်တွေရဲ့ ရပ်ကွက်ကျေးရွာတွေဆီကို ကလေးတွေ အရောက်သွားကြမှာပါ" လို့ ဒီဗွီဘီကို ပြောပါတယ်။ မိတ္ထီလာခရိုင်အတွင်းက ဝမ်းတွင်း၊ မလှိုင်၊ သာစည်၊ မိတ္ထီလာ စတဲ့ မြို့နယ် ၄ ခုမှာ ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ အခြေခံစာမတတ်သေးသူတွေ ရှိနေတယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်နွေရာသီမှာ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေနဲ့ သင်ကြား ပေးဖို့ စာရင်းပြန်ကောက်တော့ မသင်ချင်ဖူးဆိုတဲ့ ငြင်းဆိုမှုတွေလည်း ရှိနေပါတယ်။ မိတ္ထီလာကျောင်းသားသမဂ္ဂ ကိုမင်းထက်မြတ်က "ပထမနှစ်ကနေ မဟာတန်းအထိ အသုံးလုံး သင်ကြားဖို့ လိုက်ချင်သူတွေ စာရင်းပေးကြပါတယ်။ ဆရာဆရာမတွေနဲ့ မဟာတန်းက အကိုအမတွေက ကြီးကြပ်သူပါ။ ဧပြီလ ၅ ရက် ၆ ရက် ၇ ရက်တွေမှာ တက္ကသိုလ်ထဲမှာပဲ နည်းပြသင်တန်း တက်ရမယ် သွားရမယ့် နေရာတွေကိုလည်း မဲနှိုက်ရမယ်ဆိုတာ သိရတယ်" လို့ ပြောပါတယ်။ မိတ္ထီလာခရိုင်အတွင်း ၂၀၁၉ ခုနှစ်မှာ အခြေခံစာ မတတ်မြောက်သေးသူ ၅၀၀၀ ကျော်ကို စာသင်ကြားပေးမှာပါ။ ဒေသအခြေအနေကို လိုက်ပြီး စာသင်ပေးရမယ့်သူတွေကို ၂ ဦး၊ ၃ဦးမှ ၁၀ ဦးအထိ စုစည်းကာ ဝိုင်းဖွဲ့ သင်ကြားပေးမှာပါ။ သာစည်မြို့နယ်ကို ကျောင်းသားကျောင်းသူ ၂၈၉ ဦး စေလွှတ်ပြီး စာသင်ဝိုင်း ၂၀၅ ဝိုင်းဖွဲ့ထားပါတယ်။ မလှိုင်မြို့နယ်ကို ကျောင်းသားကျောင်းသူ ၁၄၇ဦး လွှတ်မှာဖြစ်ပြီး စာသင်ဝိုင်း ၆၅ ဝိုင်း ရှိပါတယ်။ ဝမ်းတွင်းမြို့နယ်ကို ကျောင်းသားကျောင်းသူ ၁၆၂ဦး လွှတ်မှာဖြစ်ပြီး စာသင်ဝိုင်း ၉၃ ဝိုင်း သင်ပြပေးမှာပါ။ မိတ္ထီလာကိုတော့ ၂၈၂ ဦး စေလွှတ်ပြီး စာသင်ဝိုင်း ၁၃၈ ဝိုင်း စီစဉ်ထားပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up