စစ်ဘေးဒဏ်သင့် ဘူးသီးတောင်တွင် သင်္ကြန်ပွဲတော် မကျင်းပရန် သဘောထားထုတ်ပြန်
DVB
·
April 5, 2019

စစ်ဘေးဒဏ်ခံစားရနေတာကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ သင်္ကြန်ပွဲတော်မကျင်းပဖို့ ဧပြီ ၄ ရက်နေ့က လူမှူရေးအဖွဲ့တွေ စုပေါင်းပြီး သဘောထား ထုတ်ပြန်လိုက်ပါတယ်။
ဘူးသီးတောင်မြို့ အေးစေတီပရိယတ္တိမှာ ဘူသီးတောင်မြို့နယ် ဂိုဏ်းပေါင်းစုံ သံဃာတော်တွေ၊ မြို့မိမြို့ဖတွေ၊ လူမူရေးအဖွဲ့အစည်းတွေ စုပေါင်းပြီး အစည်းအဝေး ပြုလုပ်ကာ အခုလို ထုတ်ပြန်လိုက်တာပါ။
“ဒီလိုဆုံးဖြတ်ရတာက စစ်ဘေးရှောင် ဘူးသီးတောင်မြို့သူ/သားတွေအပြင် ရခိုင်ပြည်နယ်အနှံ့က စစ်ဘေးရှောင်တွေ ပူပင်သောကရောက်နေချိန်မှာ စစ်ဘေးမရှောင်တဲ့ ပြည်သူတွေအနေနဲ့ ပျော်ပါးနေဖို့ လုံးဝမသင့်တော်ပါ။ ဒါကြောင့် ဒီလို အချက်တွေကို အားလုံး သဘောတူဆုံးဖြတ်ခဲ့ကြတာ" လို့ ဘူသီးတောင် လူမှုအဖွဲ့အစည်းမှ ကိုမောင်သာဖြူက ပြောပါတယ်။
စစ်ဘေးစစ်ဒဏ် အကျိုးဆက်ကြောင့် အပြစ်မဲ့မွေးကင်စကလေးငယ်ကနေစပြီး သက်ကြီးရွယ်အိုတွေဟာ အလဟဿ အသက်ဆုံးရှုံးနေကြကြောင်း၊ ပထဝီအနေအထားအရလည်း မကြာမီကာလ မိုးသက်လေပြင်းတွေ ကျရောက်တောမည်ဖြစ်လို့ ဒုက္ခသည်စခန်းအသီးသီးက ပြည်သူ ၂၅၀၀၀ လောက်လည်း နေရာလုံခြုံမှုမရှိတာ၊ အဝတ်အထည် အစားအသောက်မပြည့်စုံတာ ဒုက္ခမျိုးစုံ ခံစားနေကြတာကြောင့် အခုလို သင်္ကြန်ပွဲတော် မကျင်းပဖို့ ဆုံးဖြတ်တာလို့ ဆိုပါတယ်။
ဒါကြောင့် သင်္ကြန်အတွင်း မဏ္ဍပ်ကြီးငယ် ဆောက်လုပ်ပြီး ရေကစားတာ လုံးဝမပြုလုပ်ဖို့၊ အသံချဲ့စက် ဆောင်းဘောက်ကြီးငယ်ဖွင့်တာ လုံးဝမပြုလုပ်ဖို့၊ ကားနဲ့ လှည့်ပတ်ပြီး ဆူညံစွာအော်ဟစ် ကခုန်ခြင်း လုံးဝမပြုလုပ်ဖို့ စတဲ့ အချက်တွေကို သဘောတူညီကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။